" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.11.2008

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။


ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။ (irwd)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP