ချစ်သူများနေ့  (Valentine Day) – “ဖေဖေါ်ဝါရီဆယ့်လေး” ။
ချစ်သူများနေ့မှာ
ချစ်သူတွေက ချောကလက်လေးတွေ
လက်ဆောင်အဖြစ်ပေး ချစ်ခြင်းကိုပိုခိုင်မြဲဖို့
အကြင်နာတွေပိုခဲ့ကြတယ်...
ဖိနှိပ်မှုတွေနဲ့ ရက်စက်မှုတွေကို
ထမင်းစားရေသောက် သီချင်းတပုဒ် နားဆင်ရသလို
နေ့စဉ်ကြားရ အခွင့်အရေးမဲ့ တို့နိုင်ငံမှာ
လွတ်လပ်ခြင်းဆိုတာအိမ်မက်
မျှတခြင်းဆိုတာ အနာဂတ်မဲ့
ကိုယ့်တ၀မ်းတခါးအတွက် ယုံကြည်ချက်ကို
ငွေကြေးနဲ့ အလဲအလှယ် လုပ်နေခဲ့ကြတယ်..
ငယ်စဉ်ကကြားခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း
“ ကြောက်တတ်ရင် နှစ်ခါသေမယ်တဲ့ ”
မကြောက်တတ်လို့ ရင်ထဲကခံစားချက်
ဖွင့်လှစ်ပြတော့ အကြည်ညိုပျက်တယ်တဲ့...
ဘယ်ထောင့်ကကြည့်ကြည့် အာဏာကိုသာကြည့်တတ်တဲ့
လူ့အတ္တသမားတွေရဲ့ ကြားထဲ အမှန်တရားသံလွင့်ပျံ တတ်တော့
တရားလဲမသိ ဘုရားလဲမကြည့်ကြတော့ဘူးလေ..
လွတ်လပ်ခြင်းကိုမြတ်နိုး ကိုယ်တတ်စွမ်းသမျှနဲ့
ပိတ်စို့တဲ့ တံတိုင်းမှန်သမျှ
ကလောင်စွမ်းနဲ့ ရင်ဖွင့်ပြလိုက်တော့
အနာပေါ်တုတ်ကျ အရှိုက်ကိုထိလို့
ဥပဒေကိုအသုံးချ သုံးမရတဲ့ဦးဏှောက်နဲ့
လှောင်ချိုင့်ထဲဆွဲထည့် အမှန်တရားကိုပိတ်စို့လို့ရမယ်တဲ့လား...
ပိတ်စို့မှုတွေရှိနေသမျှ
လွတ်လပ်မှုတွေမဲ့နေသမျှ
လွတ်မြေက်ဖို့အတွက် ငါတို့ဘယ်ခါမှ ဒူးမထောက်။ ။
(ကိုစောဝေအတွက် ချစ်သူများနေ့ အမှတ်တရ) ယုံကြည်ချက်အတွက် အကျဉ်းကျသူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။

0 comments:
Post a Comment