ကျွန်ုပ်၏ စွန့်စားခန်းများ အပိုင်း(၂)
အလုပ်ကလည်း မရသေးတာမို့ တတ်နိုင်သမျှ ပေခေါက်နေမိတယ်…
ဗိုက်ထဲကဆာသလိုရှိတာမို့ နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးတော့မယ်… မီးဖိုချောင်ထဲဝင်ကာ ကြက်ဥကြော်စားမယ်လို့ ကြည့်လိုက်တော့ ဆီကကုန်နေတယ်…ခက်ပြီ။
ကိုရီးယားကိုရောက်ခါစလည်းဖြစ် ကိုရီးယားစကားကလဲ မပြောတတ်သေးတော့ …ဟိုလျှောက်၊ဒီစဉ်းစားလုပ်ရင်းပေါ့။
သူငယ်ချင်းကလည်း အလုပ်သွားလုပ်နေသောကြောင့် ညနေမှ ပြန်လာမည်။ အင်း.. ဒီအတိုင်းထိုင်နေလို့လည်း မထူးပါဘူး။ ကိုရီးယားလို မပြောတတ်လဲ ဟိုရောက်မှမီးစင်ကြည့်ကရမှာပဲ ။ နောက်ဆုံး မရရင်လက်ဟန်ခြေဟန်ပေါ့ ဟုဆိုကာ ဈေးဆိုင်သို့ထွက်လာခဲ့ပါသည်။
ဆီဗူးပုံစံလေးကို စိတ်ထဲမှတ်ထားရင်း ဈေးဆိုင်ရောက်တော့ ဟိုရှာ၊ဒီကြည့်လုပ်လိုက်တာ သိပ်မရှာလိုက်ရပါဘူး လွယ်လွယ်ကူကူပဲ အောက်မှာချပြီး စီထားတဲ့ ပုံစံတူဗူးလေးတွေ့လိုက်တယ်…
ဒါနဲ့ဆိုင်ရှင်ကို ပိုက်ဆံပေးတော့ ဘာတွေပြောမှန်းမသိဘူး နောက်တော့ ဂဏန်းတွက်စက်နဲ့ငွေကြေးအရေအတွက်ကိုပြတယ်… ပါးစပ်ကလည်းပြောတယ်… နားလည်လို့တော့မဟုတ်ပါဘူး နှုတ်ကတော့ ရက်စ်ထွက်သွားတယ်… သူကတော့သူ့စကားနားလည်တယ်ထင်ပြီး ထပ်ပြောရှာတယ်… ကျနော်ကတော့ဘာမှမသိ။ ပြုံးလျက်သာ သူ့ကိုကြည့်နေမိတယ်…
လမ်းလျှောက်ပြန်လာရင်း တွေးနေမိတယ်... ထင်ထားတာထက်တော့လွယ်သားပဲ. စကားတတ်စရာမလို ၊ ကိုယ်လိုချင်တာရှာ ၊ တွေ့ရင်ကောင်တာသွား ၊ သူပြတဲ့ငွေကြေးပမာဏကိုကြည့်ပြီးရှင်း။ လွယ်လိုက်တာ၊ ပြန်တော့သူကတောင် ကျနော့ကို နှုတ်ဆက်လိုက်တယ်… ကျနော်မှတ်ထားလိုက်တာကတော့ အညာ ခါးဆေးရောင်း… တဲ့ ။
ဆီအိုးပူတော့ ခုနက၀ယ်လာတဲ့ ဆီဗူးကိုဖွင့်ထည့်လိုက်တယ်…အရည်ကမပျစ်ပဲ ကြဲသလိုမြင်လိုက်ရတယ်…အနံ့ကလည်းတစ်မျိုး၊ စိတ်ထဲမှာတော့ ကိုရီးယားကလူတွေ ဆီတောင် အကြဲပဲစားကြတယ်နဲ့တူတယ်ပေါ့..
ဒါနဲ့ကြက်ဥကိုမွှေကာ အိုးထဲထည့်ထားချိန် ထမင်းခူး ၊ စားပွဲပြင်နဲ့ အကြော်အိုးလိုက်ပဲ သယ်ယူလာခဲ့မိတယ်… ဗိုက်ကတော်တော်လေးဆာနေတာမို့ မိဦး၊ဖဦးတွေ ချမနေတော့ပါဘူး။ ပူပူလေးပဲ ပါးစပ်ထဲထည့်ဝါးလိုက်ရာ… တွေးကြည့်ပါတော့!
ကိုရီးယားလူမျိုးတွေဟာ သူ့နိုင်ငံထဲမှာထွက်ရှိတဲ့စားစရာမှန်သမျှ အချဉ်လုပ်စားတယ်လို့ကြားဖူးခဲ့ပါတယ်…ခုတော့ ကျနော်လည်း သူ့နိုင်ငံရောက်တော့ သူ့နိုင်ငံပုံစံအတိုင်း ကြက်ဥကျော်ကို အချဉ်လုပ်ကာ နေ့လည်စာကိုဒီအတိုင်းပဲ စားလိုက်ရပါတော့သည်။
မှတ်ချက်၊ ။အချို့ ကတော့ ဆားကို သကြား(သို့မဟုတ်) အချိုမှုန့်နဲ့မှားတတ်ကြတယ်…အချို့ ကတော့ ပန်းကန်ဆေးရည်နဲ့ဆီ မှားတတ်ကြပါသည်။ ဆားကို(ဆိုဂုမ်)၊သကြားကို(ဆောလ်ထာန်းင်)နှင့် ဟင်းချိုမှုန့်ကို (မီဝေါန်)လို့ ကိုရီးယားလိုခေါ်ပါသည်။
ဒုတိယအကြိမ် ကိုရီးယားမှာ စွန့်စားလိုက်ရပါသည်။
အ၀ါရောင်အရည်ဖြစ်ပြီချဉ်သောအရသာရှိပါသည်။ ဆီနှင့်အရောင်တူပါသည်။ သို့သော်ဗူးခွံတွင် ပန်းသီးတံဆိပ်နှင့်စပါးနှံတံဆိပ်ကိုပတ်ထားပါသည်။
ဆီ (ဂီလုမ်)
တံဆိပ်တွင် ပြောင်းဖူးပုံနှင့် ပဲတောင့်ပုံပါရှိပါသည်။

ကျေးဇူးတင်ပါသည်။ ဆက်လက်ဖော်ပြပါအုံးမယ်... (ယောန)
2 comments:
မြက်လုံကမှ မကောင်းတာ...ရွေးတုန်းကတော့ အမှန် ကောင်တာက အန်တီကြီးကို ပြုံးပြနေတုန်း ဘေးကသူများပုလင်းနဲ့ မှားပြီး ယူလာတာနေမှပေါ့...အော် အသင်လောက..ဒါမျိုးတွေလဲ ရှိသတုန်း
မှားတဲ့အခါတွေကများတော့လည်း အမှန်လိုဖြစ်သွားလို့ပါ...
Post a Comment