" PLEASE USE YOUR LIBERTY TO PROMOTE OURS "

2.09.2009

ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သော တပ်မတော်မှ အရာရှိများက ဗိုလ်ချုပ်အကြောင်းမရေးရန် ပိတ်ပင်

မင်းနိုင်သူ/၇ ဖေဖ၀ါရီ ၂၀၀၉


မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အပြီးတွင် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက စာပေစိစစ်ရေးရုံးတွင် အစည်းအဝေးတရပ်ကျင်းပကာ နိုင်ငံရေးစာပေများအပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းသော စာအုပ်များကိုပါ ထုတ်ဝေခွင့်မပေးရန်တားမြစ်ခဲ့ကြောင်း စာပေစိစစ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါကိစ္စမှန်ကန်ကြောင်း ဖေဖော်ဝါရီ(၅)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘ၀နှင့် ဓာတ်ပုံမှတ်တမ်းစာမူ ထုတ်ဝေခွင့်ပြုရန် စာပေစိစစ်ရေးရုံးက ပယ်ချခြင်းခံခဲ့ရသူ စာရေးဆရာ ဦးသန်းဝင်းလှိုင်က အတည်ပြုပြောဆိုသည်။

“တက္ကသိုလ်စိန်တင်ရေးတဲ့ ရဲဘော်သုံးကျိပ်မော်ကွန်းဆိုတဲ့ စာမူရယ်။ ကျနော်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘ၀နှင့် ဓာတ်ပုံမှတ်တမ်း စာအုပ်ရယ်။အဲဒီ နှစ်အုပ်လုံးကို ရွေးကောက်ပွဲပြီးမှ ပြန်လည်စဉ်းစား ထုတ်ဝေခွင့်ပြုမယ်ဆိုတဲ့ မှတ်ချက်နဲ့ အပယ်ခံလိုက်ရတယ်။နောက် ဆရာ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ ၊ ဆရာမောင်ထင်ရဲ့ ဗမာ့နိုင်ငံရေးသုခမိန် ၊ ဦးနုရဲ့ ရက်စက်ပါပေ့ကွယ် ၊ နောက် တက္ကသိုလ်စိန်တင်ရေးတဲ့ အိုးဝေဦးညိုမြအကြောင်း အဲဒါတွေလည်း အပိတ်ခံရတယ်”ဟု ဦးသန်းဝင်းလှိုင်က ပြောသည်။

ပြည်တွင်းထုတ်စာအုပ်အားလုံးသည် စာပေစိစစ်ရေးရုံးကို ဖြတ်သန်းကြရပြီး လိုအပ်ပါက သမိုင်းဌာန ၊ သာသနာရေးဦးစီးဌာန စသည့် ဘာသာရပ်ဆိုင်ရာဌာနများ၏ ဖြတ်တောက်ပြင်ဆင်မှုများကိုလည်း ခံကြရသည်။ယင်းကဲ့သို့ သက်ဆိုင်ရာဌာနသို့ အပို့ခံရသည့် စာမူများသည် စာမူပြန်ကျရန် (၃)လမှ (၆)လကျော်အထိ စောင့်ဆိုင်းရလေ့ရှိကြောင်း စာရေးဆရာများက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စပ်လျဉ်းသောစာမူများ အပိတ်ခံထားရမှုနှင့် ပတ်သက်ကာ စာရေးဆရာဦးသန်းဝင်းလှိုင်က စာပေစိစစ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေထံ စာတစောင်တင်ထားကြောင်း ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားအားလုံးရဲ့ခေါင်းဆောင်ဖြစ်တယ်။အခုလိုလုပ်လိုက်တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ရော ဗိုလ်ချုပ်အောင်ဆန်းကိုရော စော်ကားတယ်။ပြည်သူတရပ်လုံးလေးစားကြည်ညိုတဲ့ ခေါင်းဆောင်တယောက်ကို ဒီလိုလုပ်လိုက်တာဟာ ပြည်သူကိုလည်းစော်ကားရာရောက်တယ်။ဒီဟာကို ပြန်ပြီးသုံးသပ်ပေးပါဆိုပြီး တင်ခဲ့တယ်။ဆောင်ရွက်တာ မဆောင်ရွက်တာက သူ့အပိုင်းပေါ့။ ကျနော်ကတော့ မှတ်တမ်းပေါ့။Record အနေနဲ့တင်ခဲ့တယ်။အဲဒီဟာကို သူ့ဟာသူ ဖြဲပစ်လိုက်လည်း မတတ်နိုင်ဘူး။သူ့အပိုင်းပဲ”ဟု ဦးသန်းဝင်းလှိုင်က ဆိုသည်။

နအဖ၏ စာပေစိစစ်ရေးမူဘောင်သည် ယခုနှစ်တွင် ပိုကျဉ်းလာသည်ဟု ပြည်တွင်းစာနယ်ဇင်းဆရာများက ဆိုသည်။စာရေးဆရာများအနေဖြင့် မိမိရေးသားထားသော စာမူထုတ်ဝေခွင့်အပြုမခံရတော့ပါက ထုတ်ဝေသူထံမှယူထားသော စာမူခများကို ပြန်လည်ပေးဆပ်ရသည့် အခက်အခဲများ ၊ ထုတ်ဝေသူများအနေဖြင့်လည်း ကွန်ပျူတာစာစီစာရိုက်ခ ၊ စာရွက်စာတမ်းခ ၊ စိစစ်ရေးရုံးသို့ လာဘ်ထိုးရငွေများ ဆုံးရှုံးရသည့် အခက်အခဲများကို ပိုမိုကြုံတွေ့လာကြရသည်။

“ပြောတော့ခတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်။ လုပ်နေတာတွေက အာဏာရှင်ပုံစံပဲ။အဲတော့သူတို့လုပ်နေတာတွေကို ကျနော်တို့က ဘယ်လိုလုပ်ယုံကြည်မလဲ။နောက်တခုက တခါလာလည်း ဗိုလ်ချုပ်ကိုလာလာ ထိခိုက်နေတာ။အဲဒီ ဗိုလ်ချုပ်ကို အမီပြုပြီးတော့လည်း ဘယ်သူမှဘာမှ လုပ်နေတာလဲမဟုတ်ဘူး။ဘယ်သူမှလည်း အုံကြွနေတာမဟုတ်ဘူး။လူငယ်တွေဟာ ကိုယ့်အမျိုးသားခေါင်းဆောင်မို့လို့ အားပေးကြတယ်။ ဖတ်ကြတယ်။တချို့ကြတော့လည်းမသိဘူး။မသိတဲ့လူငယ်တွေသိလာအောင်ကျနော်တို့က ရေးတာပဲ” ဟုဦးသန်းဝင်းလှိုင်က ပြောသည်။

သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ၊ မြန်မာ့နိုင်ငံရေးအဘိဓာန် ၊ အနှစ်ချုပ်မြန်မာ့သမိုင်း အဘိဓာန် ၊ ဒေါက်တာဘမော်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက် စသည့် စာမူများကိုလည်း စိစစ်ရေးတင်ထားကြောင်း ခွင့်ပြုမည်မပြုမည်ကို မသိရှိရသေး ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အာဏာရှင်ဗိုလ်ချုပ်နေ၀င်းစစ်အစိုးရနှင့်အတူ ပေါက်ဖွားလာသော စာပေစိစစ်ရေးသည် နအဖလက်ထက် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ယခုနှစ်တွင် ပိုမိုတင်းကြပ်မှုများရှိလာမည်ဟု ၀ါရင့်သတင်းစာဆရာကြီးများက နှစ်ဆန်းပိုင်းကပင် သုံးသပ်ထားကြသည်။ သို့ရာတွင် ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် စပ်လျဉ်းသော စာပေများကိုပင် ပိတ်ပင်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြောင်း ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
မူရင်း(link)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP