" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.22.2009

ကိုရီးယားခေတ်ပြိုင်သမိုင်း အပိုင်း(၁)။ အခန်း(၂)

အခန်း(၂) ပိုမိုနက်ရှိုင်းလာသော လက်ဝဲ၊လက်ယာ ဂိုဏ်းကွဲမှုနှင့် ရှုပ်ထွေးမှု



၁၉၄၅ခုနှစ် စက်တင်ဘာလ ၈ရက်နေ့တွင် အင်ချွန်းမြို့သို့ ဆိုက်ရောက်လာသော အမေရိကန်စစ်တပ်သည် ၉ရက်နေ့ တွင် ဆိုးလ်မြို့သို့ ၀င်ရောက်လာခဲ့ပါသည်။ထိုနေ့တွင်ပင် အမေရိကန်ကြည်းတပ် တပ်မ(၂၄)၏ တပ်မှူးလည်းဖြစ် ကိုရီး ယားဆိုင်ရာ အမေရိကန်တပ်များ၏ အကြီးအကဲလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ဟုတ်(John Reed Hode) နှင့် ကိုရီးယားဘုရင်ခံ အဖွဲ့တို့အကြား လက်နက်ချစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။ ကိုရီးယား လူမျိုးများသည် အမေရိကန်စစ်တပ်အား လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ပေးခဲ့သော စစ်တပ်အဖြစ် လက်ခံကြိုဆိုခဲ့ကြသော်လည်း အမေရိကန်တပ်မှာမူ မောက်မားဝံ့ကြွားစွာ သိမ်းပိုက်ထားသည့် စစ်တပ်သဖွယ် ကိုရီးယားလူမျိုးများအား ဆက်ဆံခဲ့ကြပြီး ကိုရီးယားလူမျိုးများ၏ စိတ်ခံစားမှုများအား နားလည်ပေးခြင်း မရှိခဲ့ပေ။ ပစိဖိတ်ဒေသ အခြေစိုက် အမေရိကန်ကြည်း တပ် စစ်ဋ္ဌာနချုပ်မှ ထုတ်ပြန်သော ကြေငြာချက်အမှတ်(၁)တွင် “၀င်ရောက်သိမ်းပိုက်ထားသည့်တပ်အား ဆန့်ကျင် သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း သော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှုများအား နှောင့်ယှက်သည့် အပြုအမှုများ ပြုလုပ် သောသူအား ပြင်းထန်စွာ အရေးယူမည်”ဟု သတိပေး ဖော်ပြထားသည်။ ထို့အပြင် စစ်ရှုံးနိုင်ငံဖြစ်သော ဂျပန်အား
သွယ်ဝိုက်သောနည်းဖြင့် တဆင့်ခံ အုပ်ချုပ်မှုများ ပြုလုပ်၍ တောင်ကိုရီးယား နယ်မြေတွင်မူ အမေရိကန် စစ်တပ်များ အခြေစိုက်ကာ တိုက်ရိုက်အုပ်ချုပ်မှုများ ပြုလုပ်ခဲ့သည်။


အမေရိကန်တပ်များသည် ကိုရီးယားလူမျိုးများ၏ မျှော်လင့်ချက်များအား ရိုက်ချိုး၍ ကိုရီးယားလူမျိုးများအား ရန်သူ သဖွယ် ဆက်ဆံကာ ကိုရီးယားလူမျိုးများအား ညှဉ်းပမ်းနှိပ်စက်ခဲ့သော ဂျပန်နိုင်ငံသား ဋ္ဌာနဆိုင်ရာ အရာရှိများအား နေရာမပျက် ဆက်လက်တာဝန် ထမ်းစေခဲ့သည်။ ကိုရီးယား လူမျိုးများ၏ မကျေနပ်မှုများ ကြီးထွားလာသည့် အခါတွင် ဂျပန်အရာရှိများအား အကြံပေးပုဂ္ဂိုလ်များ အဖြစ် အသုံးပြုခဲ့ပေသည်။ ထို့အပြင် ဂျပန်အလိုတော်ရိ ကိုရီးယားလူမျိုး ဋ္ဌာနဆိုင်ရာ အရာရှိများနှင့် ပုလိပ်များအားလည်း နေရာမပျက် ဆက်လက် တာဝန်ထမ်းစေခဲ့သည်။

ဂျပန်အုပ်ချုပ်ရေးဋ္ဌာန တော်တော်များများအားလည်း ဆက်လက်တည်တံ့စေခဲ့သည်။
အထူးသဖြင့် ဂျပန်အလိုတော်ရိ ပုလိပ်များ၏ လုပ်ပိုင်ခွင့် နှင့် ရာထူးတိုးမြှင့်ပေးခြင်းများသည် မကျေနပ်မှုများကို ပိုမိုကြီး ထွားစေခဲ့သည်။


ထိုသို့ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဂျပန်အလိုတော်ရိများ ဆက်လက် တည်တံ့စေရေး စနစ်သည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း လုပ်ပိုင်ခွင့်အာဏာများ လက်လွှတ်ခဲ့ရသော ဂျပန်အလိုတော်ရိများအား အသစ်တဖန် အင်အားများ ဖြစ်ထွန်းစေသည့်အတွက် နိုင်ငံရေး ရှုတ်ထွေးစေမှုနှင့် လက်ဝဲလက်ယာဂိုဏ်းဂဏ ကွဲမှုများ ပိုမိုဖြစ်စေရန် တွန်းအား ပေးသည့်သဖွယ် ဖြစ်စေခဲ့သည်။

ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ဆိုဗီယက်ဆန့်ကျင်ရေး ၀ါဒများအား လက်ကိုင်ထားသော အမေရိကန် တပ်များသည်လက်ဝဲ ၀ါဒီများအား ဖိနှိပ် ချေမှုန်း၍ လက်ယာဝါဒီများအား အနီးကပ် ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်တပ်များသည် ပင်ပမ်းသည့်အလုပ်များ လုပ်ခဲ့ဖူးခြင်းမရှိသည့် နုနယ်သော လက်များအား နှစ်သက်ခဲ့ကြပြီး အလုပ်ကြမ်းဒဏ်ကြောင့် ကြမ်းတမ်းနေသော လက်များကို ရှောင်ရှားခဲ့ကြပေသည်။ ထို့အပြင် ပြည်သူ့သမ္မတနိုင်ငံကိုလည်း လက်ခံခဲ့ခြင်းမပြုပဲ နယ်မြို့များရှိ ပြည်သူ့ကိုယ်စားပြုကောင်စီ အားလည်း လက်နက်အင်အားဖြင့် ဖိနှိပ်ချုပ်ချယ်ခဲ့ပေသည်။ တဖက်တွင်မူ တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ အပါအ၀င် လက်ယာဂိုဏ်းအား ကူညီစောင့်ရှောက်ပေးခဲ့ပေသည်။

၁၉၄၅ခုနှစ် စက်တင်ဘာလ ၄ရက် နေ့တွင် တောင်ကိုရီးယား ယာယီအစိုးရ အားပြန်လည် အသက်သွင်းခဲ့သူ ဂျိုဗြောင်အုတ် နှင့်
မဟာမိတ်တပ်များ လက်ခံကြိုဆိုရေး ပြင်ဆင်မှုကော်မတီ အားဖွဲ့စည်း လှုပ်ရှားခဲ့သည့် ကင်(မ်)ဆောင်ဆု စသည့် အင် အားသေးငယ်သော နိုင်ငံရေး အဖွဲ့အစည်းများအဖြစ် ကွဲပြား လှုပ်ရှားနေကြသော လက်ယာဂိုဏ်းအား ပေါင်းစည်း၍ ၁၉၄၅ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့၌ တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီအား ဖွဲ့စည်းပေးခဲ့သည်။ ပါတီဥက္ကဋ္ဌမှာ ဆုံး(င်)ဂျီ(န်)၀ူး ဖြစ်သည်။ပါတီ စတင်ဖွဲ့စည်းသည့် အချိန်ကမူ ကင်(မ်)ဗြောင်လိုး၊ ဝေါ်(န်)ဆဲဟူး(န်) စသည့် လွတ်လပ် ရေး တိုက်ပွဲဝင်များ ပါဝင်ခဲ့သော်လည်း ပါတီခေါင်းဆောင်ပိုင်း အတွင်း၌ ဂျပန်သစ္စာတော်ခံများ အများအပြား ပါဝင်နေ သည့်အတွက် ထိုသူတို့အား ဆန့်ကျင်ခဲ့ကြသည်။

နာမည်ကျော်ကြားသည့် နိုင်ငံရေးသမားများအား မဏ္ဍိုင်အဖြစ် ထားရှိသော တောင်ကိုရီးယားဒီမိုကရက်တစ် ပါတီသည် အစပိုင်းတွင် နယ်မြို့များ၌ အခြေချနိုင်မှု မပြုနိုင်ခဲ့ပေ။ နယ်မြို့များတွင် တော်လှန်ရေးဖြစ်ပွားနေသည့် အသွင် ဖြစ်နေ သည့်အပြင် လက်ဝဲဂိုဏ်း၏ ထောက်ခံမှုကို ရရှိထားသော ပြည်သူ့ကိုယ်စားပြုကော်မတီ၏ ပြင်းထန်သောလှုပ်ရှားမှုများ ကြောင့်လည်း ဖြစ်ပေသည်။သို့သော် တောင်ကိုရီးယားဒီမိုကရက်တစ် ပါတီသည် အမေရိကန်စစ်အုပ်ချုပ်ရေး အဖွဲ့အား ကျောထောက်နောက်ခံ ထား၍ တဖြည်းဖြည်းချင်း နယ်မြို့များသို့ အင်အားတိုးချဲ့ခဲ့သည်။အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့သည် အောက်တိုဘာလတွင် အုပ်ချုပ်ရေး ရာထူးများ ခန့်အပ်ရာ၌ ရာထူးတော်တော်များတွင် ကိုရီးယားဒီမို ကရက် တစ် ပါတီဝင်များအား ခန့်အပ်ခဲ့သည့်အတွက် ပြစ်တင်ဝေဖန်မှုများ ခံခဲ့ရသည်။


ဒီမိုကရက်တစ်ပါတီသည် စုံစမ်းစစ်ဆေးရေးအရာရှိ၊ တရားသူကြီး စသည့် တရားစီရင်ရေးဆိုင်ရာ ဋ္ဌာန များသာမက ခရိုင်မှူး၊မြို့နယ်မှူး စသည့် နယ်မြို့များသို့ပါ နေရာယူခဲ့ပေသည်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီသည် လုပ်ပိုင်ခွင့် အာဏာများ ဆောင်ရွက်ခွင့်ရှိခဲ့သည်မှာ အမေရိကန်မှ ဂျပန်ဆန့်ကျင်လိုသည့် ဆန္ဒသာလျှင် မဟုတ်ပဲ အမေရိကန်စစ်

အုပ်ချုပ်ရေး လက်အောက်အထိ လုပ်ပိုင်ခွင့်အာဏာများအား အလွဲသုံးစားလုပ်ကာ ရမ်းကားခဲ့သော ပုလိပ်များ၏ အဓိ က မဏ္ဍိုင်အား ဖြိုခွဲနှိပ်ကွပ်နိုင်စေရန် ဖြစ်ပေသည်။ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စများအား အဓိက တာဝန်ယူရသော ပုလိပ်အရေးပိုင်မင်း ရာထူးအား ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူး ၈ဦးအနက် တစ်ဦးဖြစ်သူ ဂျိုဗြောင်အုတ်၊ ခရိုင် ပုလိပ်ရုံးများအား အုပ်ချုပ်ရသော အရေးပိုင် ရာထူးအား ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျန်ထက် ဆန်း တို့ ခန့်အပ်ခြင်း ခံခဲ့ရသည်။၁၉၄၆ ခုနှစ်မှ စတင်၍ အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့၏ အာဏာရပါတီဟု ခေါ်ဆို ရလောက်အောင်ပင် ဒီမိုကရက်တစ်ပါတီ၏ အင်အားသည် ကြီးထွားခဲ့ပေသည်။
ဒီမိုကရက်တစ်ပါတီထက် အင်အားနည်းပါးသော်လည်း လက်ယာဂိုဏ်း၏ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် စက်တင်ဘာလ ၂၄နေ့တွင် အန်ဂျေဟုံး(င်) ဟား ဥက္ကဋ္ဌ အရာတင်မြှောက်၍ ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီ သည်လည်း အရေးပါခဲ့လေ သည်။အလုံးစုံ ဂျပန်ဆန့်ကျင်ရေး နှင့် လူမျိုးရေးဝါဒကို လက်ကိုင်စွဲထားသူများ အဓိကဦးဆောင်သော ပြည်သူ့ပါတီ သည် ခေတ်သစ် ဒီမိုကရေစီစနစ် နှင့် ခေတ်သစ် လူမျိုးရေးဝါဒ များအား လက်ခံ၍ လက်ဝဲ လက်ယာ စေ့စပ်ညှိနှိုင်းရေး အတွက် ဆွဲဆောင်မှုရှိသော ဘက်မလိုက်လက်ယာဂိုဏ်း ၏ နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ခဲ့သည်။

တော်လှန်ရေးကာလအတွင်း ပထမဦးဆုံး ကြီးမားသော ပြည်သူလူထု စည်းရုံးရေးအဖွဲ့များ အတွင်း ထိုးဖောက်နေရာယူ ထားသော နိုင်ငံရေးပါတီမှာ ကိုရီးယားကွန်မြူနစ်ပါတီ ဖြစ်ပေသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၂ခြမ်းကွဲနေသော ကွန်မြူနစ်များသည် ၁၉၄၅ခုနှစ် စက်တင်ဘာလ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သော "ပြင်းထန် တက်ကြွသောသူများ ညီလာခံ "မှ တဆင့် စက်တင်ဘာလ ၁၁ရက်နေ့တွင် ဘတ်ဟော်(န်)ယောင်း အုပ်စုအား ဦးဆောင်နေရာအဖြစ် တင်မြှောက် ကာ ကိုရီးယားကွန်မြူနစ်ပါတီအား ပြန်လည်ပေါင်းစည်းခဲ့သည်။ စက်တင်ဘာလ ၂၀ရက်နေ့ က ကွန်မြူနစ်ပါတီ၏ ဗဟိုကော် မတီမှ အခြေခံလမ်းကြောင်းအဖြစ် ချမှတ်ခဲ့၍ "ဩဂုတ်လလမ်းစဉ်" ဟု လူသိများခဲ့သော "လက်ရှိနိုင်ငံရေး အခြေ အနေ နှင့် ကျွန်ုပ်တို့၏ တာဝန်"ဟူသည့် လမ်းစဉ်အား ချမှတ်ခဲ့သည်။

ကိုရီးယားကွန်မြူနစ်ပါတီသည် "ဩဂုတ်လလမ်းစဉ်"၌ အရေးပေါ် လမ်းစဉ်အား ရွေးချယ်ခဲ့သော်လည်း အမှန်တကယ် မှာမူ နှစ်ကုန်သည်အထိ ထိုလမ်းစဉ်အား အကောင်အထည်ဖော် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပေ။ ကိုရီးယားကွန်မြူနစ်ပါတီသည် ဒီဇင်ဘာလအထိ ပါတီတွင်းစည်းရုံးမှုများနှင့် လူထုလှုပ်ရှားမှု အဖွဲ့များ ဖွဲ့စည်းမှုအား အဓိ ကထား ဆောင်ရွက်ခဲ့သည်။ထိုဆောင်ရွက်မှုများဖြင့် ကိုရီးယားအလုပ်သမားသမဂ္ဂ နိုင်ငံလုံးဆိုင်ရာကောင်စီ၊ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၊ ကိုရီးယားလူငယ်များအဖွဲ့ချုပ်၊ ကိုရီးယား အမျိုးသမီးအဖွဲ့ချုပ် စသည်တို့အား တဆင့်ခြင်း ဖွဲ့စည်းနိုင်ခဲ့လေသည်။

၁၉၄၅ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့တွင် ဘက်မလိုက်လက်ဝဲဂိုဏ်း၏ နိုင်ငံရေးပါတီအဖြစ် ယော်ဝူး(န်)ဟြောင်း အား ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ကာ "ကိုရီးယားပြည်သူ့ပါတီ" ဟူ၍ ပါတီတစ်ရပ် မွေးဖွားလာခဲ့သည်။ ကိုရီးယား ပြည်သူ့ပါတီ သည် လက်ဝဲ လက်ယာ ဂိုဏ်းဂဏကွဲ ရှုတ်ထွေးမှုများ လျော့ပါးသွားစေရန်"လူမျိုးပေါင်းစည်း ညီညွတ်ရေး တပ်ဦးအား " ဖွဲ့စည်း၍ လက်ဝဲ လက်ယာ ပူးပေါင်းထားသည့် အစိုးရတစ်ရပ် ထူထောင်နိုင်ရန် ကြိုးစားခဲ့သည်။ ယော်ဝူး(န်)ဟြောင်းမှ ပြည်သူ့နိုင်ငံ ထူထောင်ရေးအတွက် သက်ဆိုင်ရာပါတီ၊ သက်ဆိုင်ရာဂိုဏ်းများ ပူပေါင်း၍ ပြည် သူ့အရေးကိစ္စများတွင် ပါးနပ်လိမ္မာစွာ ပြည်သူ့အရေး ပူးပေါင်းဆောင်ရွက်မှုအား အဓိကထား ဆောင်ရွက်မှသာလျှင် ပြည်သူ့နိုင်ငံတစ်ရပ် ပေါ်ပေါက်လာမည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ကိုရီးယား ပြည်သူ့ပါတီတွင် ဂျပန်ဆန့်ကျင် ရေး စိတ်ဓါတ်များနှင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရေး အခြေအနေများအရ အရင်းရှင်ဝါဒီသမားများမှ အစပြု၍ ကွန်မြူနစ်ဝါဒီသမားများအထိ ပါဝင်ခဲ့ကြသည်။
၁၉၄၅ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့တွင် အီဆူမန် သည် ပြည်ပရောက် လွတ်လပ်ရေး လှုပ်ရှားသူများအနက်မှ ပထမဆုံးအဖြစ် ပြည်တော်ပြန်လာခဲ့သည်။


ဆိုဗီယက် ထောက်ခံရေးသမား တစ်ဦးဖြစ်သည့်အတွက် အမေရိကန် ကာကွယ်ရေးဋ္ဌာနမှ ပြည်ဝင်ခွင့်အား တားဆီးခဲ့ သော်လည်း အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ ယော်ဝူး(န်)ဟြောင်း အပါအ၀င် လက်ဝဲနိုင်ငံရေးသမားများအား သိမ်း သွင်း စည်းရုံးရန် အတွက် အီဆူမန်၏ နိုင်ငံရေး လှုပ်ရှားမှုများအား ထောက်ပံ့ကူညီမှုပေးခဲ့သည်။
အီဆူမန်သည် အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် "လွတ်လပ်ရေးမြှင့်တင်မှု ဗဟိုကော်မတီ" အား ဖွဲ့စည်းခဲ့သည်။ သို့သော် အီဆူမန်သည် ကိုရီးယားပြည်သူ့ပါတီ ဖက်သို့ ယိမ်းယိုင်နေ၍ လက်ဝဲနိုင်ငံရေးအုပ်စုမှ "လွတ် လပ်ရေးမြှင့်တင်မှု ဗဟိုကော်မတီ"သို့ ပူးပေါင်းပါဝင်ခြင်းအား ငြင်းဆန်ခဲ့သည်။ သို့ဖြစ်၍ "လွတ်လပ်ရေးမြှင့်တင်မှု ဗဟို ကော်မတီ"သည် အီဆူမန်အား ထောက်ခံသည့် အဖွဲ့အစည်း တစ်ခုသာ ဖြစ်ခဲ့ပေသည်။

၁၉၄၅ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် ကင်(မ်)ဂု ဦးဆောင်သည့် ဂျု(င်)ဂြောင်း အဝေးရောက် ယာယီအစိုးရမှ အဖွဲ့ဝင် များသည် ပုဂ္ဂလိက အစီအစဉ်ဖြင့် ပထမအသုတ်အဖြစ် ပြည်တော်ပြန်ခဲ့ကြသည်။ ဒုတိယအသုတ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ၀င်ရောက်လာခဲ့ကြသည်။ ဂျု(င်)ဂြောင်း အဝေးရောက် ယာယီအစိုးရမှ ပြည်တွင်းသို့ ပြန်လည် ၀င်ရောက် လာနိုင်ခဲ့သည့်အတွက် ဒီဇင်ဘာလအထိ ပြည်ပရောက် လွတ်လပ်ရေး တိုက်ပွဲဝင်များ အများစုသည် ပြည်တွင်းသို့ ၀င် ရောက်လာခဲ့ကြပေသည်။ကိုရီးယားလူမျိုးများသည် ကင်(မ်)ဂု အစရှိသည့် အဝေးရောက် အစိုးရအဖွဲ့ဝင်များမှ ဦးဆောင် နိုင်မှု အရည်အချင်းများ မြှင့်တင်၍ လက်ဝဲလက်ယာ ဂိုဏ်းများပေါင်းစည်းရေးနှင့် ဂျပန်သစ္စာတော်ခံများ၏ လွှမ်းမိုးကြီး စိုးမှုများအား တားဆီးကာ စည်းလုံး ညီညွှတ်သော အမျိုးသား နိုင်ငံတော်သစ် တစ်ရပ်အား အမြန်ဆုံး အကောင်အထည် ဖော် တည်ဆောက် နိုင်မှုအား မျှော်လင့် စောင့်စားခဲ့ကြသည်။

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာစတွင် ဂျု(င်)ဂြောင်း အဝေးရောက်အစိုးရ အဖွဲ့မှ အဖွဲ့ဝင်များ အတွင်းတွင် လက်ဝဲ လက်ယာပေါင်းစည်းရေး အတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များမနည်းလှပေ။ သို့သော်ကင်(မ်) ဂုမှ အဝေးရောက်ယာယီအစိုးရ အဖွဲ့နှင့် ကိုရီးယားကွန်မြူနစ် ပါတီတို့ သာတူညီမျှစွာ ပူးပေါင်းဆောင်ရွက်နိုင်မှု မရှိနိုင် ဟု ထင်မြင်ယူဆခဲ့ပေသည်။တစ်ဖက်မှ ကိုရီးယားကွန်မြူနစ် ပါတီကလည်း မိမိတို့သည် ပြည်သူလူထုအများ၏ ထောက် ခံမှု ရရှိထားသည့်အတွက် ဂျု(င်)ဂြောင်း ယာယီအစိုးရအဖွဲ့၏ လက်အောက်သို့ ၀င်ရောက်နိုင်မှု မပြုနိုင်ဟု ဆိုခဲ့ကြသည်။ သို့ဖြစ်၍ ဂျု(င်)ဂြောာင်း ယာယီအစိုးရအဖွဲ့သည် ၁၉၄၅ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းအထိ တိကျပြတ်သားသော ဆောင် ရွက်နိုင်မှုများ မပြုလုပ်နိုင်ခဲ့ပေ။

လွတ်လပ်ရေးမှ ပေးသော ပျော်ရွှင်မှု ခံစားချက်များသည် ၁၉၄၅ခုနှစ် ဒီဇင်ဘာလမှ စတင်၍ မွန်းကြပ်ပိတ်လှောင်သော ခံစားမှုများအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲ လာခဲ့ပေသည်။ လက်ဝဲ လက်ယာ ဂိုဏ်းဂဏကွဲ ရှုတ်ထွေးမှုများသည် တဖြည်းဖြည်းခြင်း နက်ရှိုင်းလာ၍ စီးပွားရေး၊ လူမှုရေး မငြိမ်သက်မှုများဖြစ်ပွားလာစေခဲ့သည်။ ဂျပန်ခေတ် ကုန်ဆုံး၍ လွတ်လပ်ရေးရကာနီး ကိုရီးယားဘုရင်ခံအဖွဲ့၏ အတိုင်းအဆမရှိ သော ငွေစက္ကူထုတ်လုပ်ခဲ့မှုများကြောင့် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်လာခဲ့ပေသည်။ လူသုံးကုန်ပစ္စည်းများ ၀ယ်ယူသုံးစွဲရန် ခက်ခဲခဲ့ပြီး စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ ရ၍ အလုပ်လက်မဲ့များလည်း တိုးပွားလာခဲ့ရလေသည်။လွတ်လပ်ရေး ရသည့်နှစ်တွင် ပြည့်စုံလုံလောက်သောနှစ် ဖြစ် သည့် အပြင် ဂျပန်အား အခွန်အတုတ်များ ပေးဆောင်ရန် မလိုအပ်သော်လည်း အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့၏ စီး ပွားရေးလွတ်လပ်ခွင့်စနစ်၊ အမြတ်ကြီးစားစနစ် ကြီးထွားစေမှု၊ ဆန်အလွဲသုံးစားလုပ်ခြင်း စသည့် အချက်များကြောင့် ကြီးမားသည့်စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာများ ဖြစ်ပေါ်ခဲ့ပေသည်။

ထို့အပြင် ဂျပန်စစ်တပ်မှ လက်နက်ဖျက်သိမ်း ခဲ့သော်လည်း အမေရိကန်နှင့် ဆိုဗီယက်သည် လက်နက်ရုတ်သိမ်းခြင်း မပြုလုပ်သည့်အတွက် ၃၈ဒီဂရီလိုင်း နယ်ခြား မျဉ်း ဖြတ်သန်းရန်ပင် ခက်ခဲသွားခဲ့ပေသည်။ထိုနှစ် နှစ်ကုန်ပိုင်းသည် မွန်းကြပ်ပိတ်လှောင်မှုများ များပြား၍ "မကျေနပ် မှုများအား ဆွဲထုတ်လိုက်ပါက ချက်ခြင်းပေါက်ကွဲ သွားနိုင်သော ဗုံးတစ်လုံး" နှင့် အလားသဏ္ဌာန် တူခဲ့ပေသည်။

ဆက်လက်ဖော်ပြပါအုံးမည်
ကိုလူချစ်(ကိုရီးယား)

ခေတ်ပြိုင်မှ တဆင့် ပြန်လည် ကူးယူဖော်ပြပါသည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP