" PLEASE USE YOUR LIBERTY TO PROMOTE OURS "

10.11.2009

မေ့မရတဲ့နေ့

၂-နှစ်ပြည့်ခဲ့ပြီ။ စဉ်းစားမိတိုင်း ရင်ထဲမှာပူလောင်စွာခံစားနေရတုန်းပါ။ ကိုယ်တိုင်ပါဝင်ခဲ့သူတွေဆိုရင် ပြောစရာလိုမယ်မထင်မပါဘူး။ ရင်ထဲမီးတောက် နှလုံးကွဲမတတ်ခံစားကြရမယ်ထင်ပါတယ်... အဝေးမှာရောက်နေသူ ကျနော့အဖို့ ဓါတ်ပုံလေးတွေ အသံလေးတွေ ဗွီဒီယိုဖိုင်တွေကို မြင်ရ၊တွေ့ရ၊ကြားခဲ့ရတော့ ရင်ထဲမှာအပူမီး ကူးစက်ခဲ့ပါတယ်... စော်ကားရက်လေခြင်း၊ အစွမ်းကုန်ယုတ်မာနေကြခြင်း....စသဖြင့် စိတ်ထဲကျိတ်ကာ ခံပြင်းနေခဲ့မိတယ်... လူယုတ်မာအာဏာရှင်တွေအတွက် ပြောစရာစကားလုံးရှာမရခဲ့။ ကြေကွဲခဲ့ရတဲ့ညတွေ၊ ကြွေကျခဲ့ရမျက်ရည်တွေ၊ အိပ်မရတဲ့ညတွေကို ကြိုးစားကျော်ဖြတ်ရင်း ရင်ထဲမှာခံပြင်း ၀မ်းနည်းမိခဲ့တယ်... လုပ်ရက်လေခြင်း!

ဒီလိုနဲ့ ရင်ထဲကခံစားချက်ကို ဖွင့်ဟထုတ်ရင်း “ အမှန်မမြင်သူ” ကို ရေးဖြစ်ခဲ့တယ်... အကြောင်းအမျိုးမျိုးကြောင့် အသံသွင်းဖို့ နောက်ကျခဲ့ရတယ်... ခုတော့ ၂-နှစ်ပြည့်ခဲ့ပြီ။ ဘယ်တော့မှလည်း မေ့မှာမဟုတ်သလို ဥဒါန်းလဲကြေမှာ မဟုတ်ပါဘူး။ အလှည့်ရောက်ရင်ပေါ့!
ဒီအဖြစ်အပျက်တွေ သတိရတိုင်း၊တွေးမိတိုင်း ကျနော်ဘယ်လိုမှ စဉ်းစားမရခဲ့။ ကျနော့ဦးနှောက်ကပဲ လိုက်မမှီတာလား? အာဏာရှင်ဆိုသူတွေကပဲ တစ်ဖက်ကမ်းခတ် ယုတ်မာလွန်းလို့လားမသိ အာဏာအတွက် မိုက်ရဲကြပြီ။ ယုတ်မာရဲကြပြီ။ နောက်ဘ၀ဆိုတာ ဘယ်ဆီမှန်းမသိပေမယ့် ယခုကျူးလွန်တဲ့ အပြစ်တွေကို နောက်ဘ၀အထိတော့ သယ်သွားလို့ ရမယ်မထင်ပါဘူး။ ဒီဘ၀မကောင်းမှု၊ ဒီဘ၀ပဲခံရမှာပါ။ ကံကိုယုံကြည်သူတွေဆိုရင်ပေါ့။ မယုံကြည်သူအဖို့ကတော့ တူဖြစ်တုန်း ထုထားအုံးလေ။ ပေဖြစ်တဲ့အချိန်ကျတော့ ပြန် ခံစားရမယ့်ဝဋ်ကြွေးများက ဘာနဲ့မှ တားလို့ရမယ်မထင်ဘူး။


တိုင်းပြည်ကိုချစ်တဲ့စိတ်၊ နိုင်ငံကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်၊ သာသနာကို ကာကွယ်တဲ့စိတ်တွေကြောင့် ပုံစံမတူတဲ့ ဒဏ်ရာဝေဒနာတွေနဲ့ သေကွဲ၊ ရှင်ကွဲ မိသားစုတွေ ကွဲကာ အချို့ ကထောင်ရောက်၊ အချို့ ကနယ်စပ်ရောက်၊ အချို့ ကဘယ်ဆီပျောက်၊ အချို့ ကနိဗ္ဗာန်ရောက်၊ ဆုံခွင့်မရှိတဲ့ဘ၀တွေ ၊ ခြားနားသွားတဲ့ဘ၀တွေ ပြန်ဆုံစည်းနိုင်ဖို့ ကျနော်တို့ ကိုယ်တတ်စွမ်းတဲ့ နေရာလေးကနေ ကိုယ့်နေရာလေးကို ပီပီပြင်ပြင် ကပြနိုင်ကြမယ်ဆိုရင် ကျနော်တို့ရည်ရွယ်၊ မျှော်မှန်းတဲ့ လူဘောင်သစ်ကို အရောက်လှမ်းနိုင်ကြမှာပါ။ ဒါကြောင့် တူညီတဲ့ ခံစားချက်၊ မျှော်လင့်တဲ့အနာဂတ်အတွက် ယုံကြည်စွာနောက်မတွန့်တမ်းလျှောက်လှမ်းရင်း... ပြည်သူ့ရင်ဖွင့်သံ (တေးစု-၂) ထဲမှ အမှန်မမြင်သူ တေးသီချင်းလေးကို မျှဝေပေးလိုက်ပါတယ်...
စစ်ဖိနပ်အောက်က အမြန်ဆုံးလွတ်မြောက်ဖို့အတွက် တူညီလက်များတွဲလျက်... အနာဂတ်သစ်ကိုမျှော်လင့်လျက်...



ကြယ်အာကျယ် (အမှန်မမြင်သူ)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP