သီးခြားအစိုးရများ ထူထောင်ခြင်းနှင့် စစ်ပွဲမီးလျှံများ (၁၉၄၈ မှ ၁၉၅၉) ကာလ ။ အပိုင်း (၂)
အခန်း(၂) -ကင်မ်ဂု လုပ်ကြံခံရပြီ
ဥပဒေပြုလွှတ်တော်မှ ပထမဆုံး ဆောင်ရွှ့က်ခဲ့သည့် ကိစ္စမှာ ဂျပန် သစ္စာတော်ခံများ နှိမ်နင်းရေး အတွက် ဥပဒေ ပြင်ဆင်မှု လုပ် ငန်းဖြစ်ပေသည်။ ဂျပန်စစ်ရှုံးပြီးနောက်ပိုင်း ဂျပန်သစ္စာတော်ခံများ ဖယ်ထုတ် နိမ်နင်းရေးသည် မြေယာများ ပြန်လည်ဖော် ထုတ် ရေး လုပ်ငန်းနှင့်အတူ အမြန်ဖြေရှင်းရမည့် အမျိုးသားရေးတာဝန်အဖြစ် ၀င်ရောက်လာခဲ့ပေသည်။ ဂျပန်သစ္စာတော်ခံများ ဖယ် ထုတ် နိမ်နင်းရေးသည် လူမျိုးရေး စောင့်ထိန်းမှုနှင့် နိုင်ငံတော်အား စနစ်တကျ ပြန်လည်ထူထောင်ရန် အတွက် တောင်းဆိုမှု တစ်ရပ် ဖြစ်ခဲ့သော်လည်း ဒီမိုကရေစီ ဆန်သည့် လူမှုပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာရေးသည် ပိုမိုအရေးပါခဲ့ပေသည်။ ထို့အပြင် ဂျပန်သစ္စာတော်ခံများသည် တောင်မြောက်ပေါင်းစည်းရေးအား ဆန့်ကျင်သည့် မျိုးဆက်များဖြစ်ပြီး လာဘ်ပေး လာဘ် ယူမှုများဖြစ်ပေါ်စေရန် ဖန်တီးသည့် တရားခံများ ဖြစ်ပေသည်။ သို့သော် အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့သည် ဂျပန်သစ္စာ တော်ခံများအား ရင်းနှီးသည့် မိတ်ဆွေများ သဖွယ် အလေးထားခဲ့လေသည်။ အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့သည် မိမိတို့အား ဝေဖန်သည့် အမျိုးသားရေးဝါဒီများအား နှစ်သက်မှုမရှိပဲ စက်ဆုပ်ရွံရှာခဲ့ပြီး ဂျပန်သစ္စာတော်ခံများသည် ဂျပန်အစိုးရအပေါ် အစေ ခံများသဖွယ် တာဝန်ထမ်းဆောင် ခဲ့ကြသည့်အတွက် မိမိတို့အပေါ်လည်း အလားတူ ဆောင်ရွက်ပေးလိမ့်မည်ဟု လက်ခံယုံကြည် ထားလေသည်။

ဥပဒေပြုလွှတ်တော်သည် ၁၉၄၈ခုနှစ် သြဂုတ်လ ၁၆ရက်နေ့တွင် အမျိုးသားရေး ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရေး ဥပဒေမူ ကြမ်းအား လွှတ်တော်သို့တင်သွင်းခဲ့ပြီး စက်တင်ဘာလ ၁ရက်နေ့တွင် လွှတ်တော်မှ အတည်ပြုခဲ့လေသည်။ ဂျပန်သစ္စာတော်ခံများမှ လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ဂျပန်သစ္စာတော်ခံများ ဖယ်ထုတ် နိမ်နင်းရေးသည် ကွန်မြူနစ်ပါတီမှ တောင်းဆိုသော အချက်ဖြစ်သည်ဟုဆိုကာ လွှတ်တော်အား ခြိမ်းခြောက်မှု ပြုခဲ့လေသည်။ အီဆူမန် အစိုးရသည် အမျိုးသားရေး ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရေး ဥပဒေအား အတည်ပြုပြဋ္ဌာန်းခြင်း မပြုလျှင် လွှတ်တော်မှ တခြား ဥပဒေများအား ရေးဆွဲ အတည်ပြုခြင်း ပြုမည်မဟုတ်ဟု ယူဆကာ ၁၉၄၈ခုနှစ် သြဂုတ်လ ၂၂ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့လေသည်။
အီဆူမန် အစိုးရနှင့် ဂျပန်သစ္စာတော်ခံများ၏ အနှောက်အယှက်နှင့် ဖိအားပေးမှုများ အကြားမှာပင် လွှတ်တော်၏ အတည်ပြုချက် ရယူကာ ၁၉၄၈ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင် အမျိုးသားရေး ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရန် "အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေးကော်မတီ"အား ဖွဲ့စည်းခဲ့လေသည်။ အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေး ကော်မတီသည် ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့မှ စတင်ကာ အတည့်အလင်းလှုပ်ရှားမှုများ ဆောင်ရွှက်ခဲ့ပြီး ပထမအသုတ် အဖြစ် ဘတ်ဟူးင်ရှစ် ၊ ချွှဲနမ်ဆောန် ၊ အီဂွမ်ဆု ၊ ကင်မ်ယောန်ဆု စသည့် အရေးပါသည့် ဂျပန်သစ္စာတော်ခံများအား ဖမ်းဆီးခဲ့ လေသည်။ သို့သော် ၁၉၄၉ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်းတွင် နိုဒေါ့ဆူးလ် အစရှိသည့် လက်ရှိ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်နေသော ဂျပန်အလိုတော်ရိများအား ဖမ်းဆီးခဲ့ရာ အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေးကော်မတီသည် ကြီးမားသော ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရလေသည်။ သမ္မတဖြစ်သူ အီဆူမန်မှ ရဲဝန်ထမ်းများအား ဖမ်းဆီးပြီး ရဲဝန်ထမ်းများအား မငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်ခြင်းသည် ပြည်တွင်းရေးအား မငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်ခြင်းဖြစ်သည်ဟု အမျိုးသား ရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေးကော်မတီကို ပြစ်တင်ဝေဖန်ပြီး အမျိုးသားရေး ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရေး ဥပဒေအား ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့လေသည်။
လွှတ်တော်နှင့် အစိုးရ၏ အင်အားပြိုင်ဆိုင်မှုသည် ၁၉၄၉ခုနှစ် မေလတွင် အီမူးန်ဝေါ်န် အစရှိသည့် မျိုးဆက်သစ် လွှတ်တော် အမတ် ၃ဦးအား အစိုးရမှ ဖမ်းဆီးသည့် ကိစ္စမှ အစပြုကာ ပြင်းထန်ခဲ့လေသည်။ လွှတ်တော်မှ ထိုအမတ် ၃ဦး လွတ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့ကြလေသည်။ ထိုကြိုးပမ်းမှုအား ဂျပန်သစ္စာတော်ခံများမှ ဇွန်လ အစပိုင်းတွင် လွှတ်တော်အား ၀င်ရောက် တိုက်ခိုက်ကာ ဟန့်တားခဲ့လေသည်။ထို့အပြင် ဇွန်လ ၆ရက်နေ့တွင် ဆိုးလ်မြို့အလယ်ပိုင်း ရဲစခန်းမှ စခန်းမှုးသည် အင်အား သုံးကာ အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေး ကော်မတီရုံးအား ၀င်ရောက် တိုက်ခိုက်ခဲ့လေသည်။ သမ္မတဖြစ်သူ အီဆူမန်မှ ထို ၀င်ရောက် တိုက်ခိုက်မှုများသည် မိမိမှ အမိန့်ပေး ခိုင်းစေခြင်း ဖြစ်သည်ဟု နိုင်ငံခြား သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့လေသည်။

အဆုံးတွင် ဇွန်လ ၆ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သော အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေး ကော်မတီရုံး ၀င်ရောက် တိုက်ခိုက်ခံရမှုဖြင့် ဂျပန်သစ္စာတော်ခံများ ဖယ်ထုတ် နိမ်နင်းရေးသည် အောင်မြင်မှုမရှိခဲ့ပေ။ ထို့ကြောင့် ၁၉၅၀ခုနှစ်မှ ၁၉၇၀ခုနှစ် များအထိ ဂျပန်သစ္စာတော်ခံများသည် အစိုးရဋ္ဌာနများ ၊ အစိုးရပိုင် ကော်ပိုရေးရှင်း လုပ်ငန်းများ ၊ စီးပွားရေးလုပ်ငန်းများ ၊ ပညာ ရေး ၊ ယဉ်ကျေးမှု ၊ စစ်ဖက်ဆိုင်ရာ ၊ ရဲဋ္ဌာနဆိုင်ရာ များတွင် ကြီးစိုးခဲ့ကြလေသည်။ အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့သည် ဂျပန် သစ္စာတော်ခံများ ဖယ်ထုတ် နိမ်နင်းရေးအား အနှောက်အယှက် ပေးရုံမက အိမ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းများကို လည်း ရှောင်တိမ်း ခဲ့လေသည်။သို့သော် မေလ၁၀ရက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် အမတ်များသည် အိမ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းအား မက်လုံးပေး၍ မဲဆွယ် စည်းရုံးနေကြရသည့် အခြေအနေ ဖြစ်သည့်အတွက် ရှောင်တိမ်း၍မရ ဖြစ်ခဲ့လေသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်တွင်မူ အမေရိကန်နိုင်ငံသည် အိမ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းအား လက်ခံခဲ့လေသည်။ အီဆူမန်သည်လည်း ကွန်မြူနစ်ဝါဒီ တစ်ဦးဖြစ်သူ ဂျိုဘုံးင်အမ်အား စိုက်ပျိုးရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လေသည်။
လွှတ်တော်အတွင်းတွင် လယ်ယာမြေများ ပိုင်ဆိုင်ခွင့် ရခဲ့သည့် လယ်သမားများမှ ပေးသွင်းရမည့် ငွေကြေးပမာဏနှင့် မူလလယ် ပိုင်ရှင်များအား ပြန်လည်ပေးအပ်မည့် နစ်နာကြေးငွေ ပမာဏနှင့် စပ်လျဉ်းကာ လယ်ပိုင်ရှင်များဖက်မှ ရပ်တည်သည့် ဒီမိုကရက် တစ်ပြည်သူ့ပါတီမှ လွှတ်တော်အမတ်များနှင့် လယ်သမားများဖက်မှ ရပ်တည်ခဲ့သည့် လွှတ်တော်အမတ်များအကြား အပြန် အ လှန် ငြင်းခုံ၍ သဘောထား ကွဲလွဲမှုများ ဖြစ်ခဲ့ကြပေသည်။ ထို ငြင်းခုံမှုများ ပြီးဆုံးသည့် ၁၉၄၉ခုနှစ် ဧပြီလတွင် လယ်သမား များမှ ထွက်ရှိသည့် သီးနှံများမှ ရရှိသည့် ပျှမ်းမျှ၁နှစ်ဝင်ငွေ၏ ၁၂၅ရာခိုင်နှုန်းအား ၅နှစ်ခွဲ၍ ပေးဆောင်စေပြီး ၊ လယ်ပိုင်ရှင်များ ပေးအပ်မည့် နစ်နာကြေးငွေအား ၁နှစ်လျှင် ထွက်ရှိသည့် သီးနှံများမှ ရရှိသည့် ၀င်ငွေ၏ ၁၅၀ရာခိုင်နှုန်း အဖြစ်သတ်မှတ်သည့် လယ်ယာမြေဖော်ထုတ်ရေး ဥပဒေ အား ရေးဆွဲခဲ့ကြသည်။ သို့သော် အစိုးရမှ ကွာဟနေသည့် ၂၅ရာခိုင်နှုန်းအား စိုက်ထုတ်ပေး ရန် အခက်အခဲရှိသည်ဟု အကြောင်းပြကာ ထိုဥပဒေအား ကန့်ကွက်ခဲ့သည့်အခါတွင် ထိုဥပဒေအား လွှတ်တော်အတွင်း၌ ပြန် လည်အတည်ပြုချက် ရယူကာ အစိုးထံသို့ တင်သွင်းခဲ့သည့်အတွက် ငြင်းဆန်ကန့်ကွက်ရန် မဖြစ်နိုင်သည့် အဆုံး ဇွန်လ ၂၁ရက် နေ့တွင် အစိုးရမှ လယ်ယာမြေဖော်ထုတ်ရေး ဥပဒေအား အတည်ပြုခဲ့သော်လည်း ပြဋ္ဌာန်း ကျင့်သုံးရန် ကိုမူ အချိန်ဆွဲခဲ့ပြီး ၁၉၅၀ခုနှစ် မတ်လ မှသာလျှင် လယ်သမားများမှ ပေးသွင်းရမည့် ငွေကြေးပမာဏနှုန်းထားနှင့် မူလလယ်ပိုင်ရှင်များအား ပြန် လည်ပေးအပ်မည့် နစ်နာကြေးငွေ ပမာဏနှုန်းထားအား ၁၅၀ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သည့် ဥပဒေအား အတည်ပြု ပြ ဋ္ဌာန်းခဲ့ပေသည်။
၁၉၄၈ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်တပ်များ ပြန်လည်ရုတ်သိမ်းပြီး ၊ ၁၉၄၉ခုနှစ် ဇူလိုင်လတွင် စစ်အကြံပေး အဖွဲ့သာလျှင် ထားရှိပြီး အမေရိကန်တပ်များ ရုပ်သိမ်းပြီး နောက်ပိုင်း တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ် ခဲ့လေသည်။ မြောက်ဖက်ခြမ်းတွင် မြောက်ကိုရီးယား အလုပ်သမားပါတီနှင့် တောင်ကိုရီးယား အလုပ်သမားပါတီတို့ ပူးပေါင်းကာ "အမိမြေပေါင်းစည်းရေးဒီမိုကရက်တစ်ဦး"အား ဖွဲ့စည်းခဲ့လေသည်။ တောင်ပိုင်းတွင် အီဆူမန်အစိုးရမှ လက်ဝဲ၀ါဒီများနှင့် အစိုးရ ဆန့်ကျင်သူများအား ကြီးမားသည့် ဖိနှိပ်မှုများ စတင်ပြုလုပ်ခဲ့လေသည်။ ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အမတ်များ ဖမ်းဆီးခံရမှု ပြဿနာ ၊ "လူထုလမ်းညွှန်မှုအဖွဲ့ချုပ်" ဖွဲ့စည်းခြင်း ၊ အမျိုးသားရေး ဆန့်ကျင်သူများ အထူးစစ်ဆေးရေး ကော် မ တီရုံး ၀င်ရောက် တိုက်ခိုက်ခံရသည့် ပြဿနာ ၊ ကင်မ်ဂု လုပ်ကြံခံရခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်ခဲ့လေသည်။
လွှတ်တော်အမတ်များ ဖမ်းဆီးခံရမှု ပြဿနာသည် မျိုးဆက်သစ် လွှတ်တော်အမတ်များမှ တောင်ကိုရီးယား အလုပ်သမားပါတီ နှင့် ပူးပေါင်းကာ လွှတ်တော်အတွင်း သူလျှိုလှုပ်ရှားမှုများနှင့် နိုင်ငံတော်အား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်သည်ဟု စွပ် စွဲကာ ဖမ်းဆီးခဲ့သည့် ပြဿနာဖြစ်သည်။မျိုးဆက်သစ် လွှတ်တော်အမတ်များသည် အမျိုးသားရေး ဆန့်ကျင်သူများအား ပြစ် ဒဏ်ပေးရေး ဥပဒေ နှင့် လယ်ယာမြေဖော်ထုတ်ရေး ဥပဒေတို့ရေးဆွဲရာတွင် အဓိက ဦးဆောင်နေရာတွင် ပါဝင်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အား ရွေးချယ်တင်မြှောက်မည့် ရွေးကောက်ပွဲဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းရန် တောင်းဆို ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးဥပဒေ ရေးဆွဲခြင်းကိုလည်း ကန့်ကွက်ခဲ့ကြသည်။ မျိုးဆက်သစ် လွှတ်တော်အမတ်များသည် ငြိမ်းချမ်း ရေးနှင့် ပေါင်းစည်းရေးအား ထောက်ခံခဲ့ပြီး အမေရိကန်တပ်များ ရုတ်သိမ်းရေးအား တိုက်တွန်းတောင်းဆိုခဲ့ကြသည်။
ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရသော အီဆူမန်အစိုးရသည် လွှတ်တော်ဒု-ဥက္ကဋ္ဌ အပါအ၀င် မျိုးဆက်သစ် လွှတ်တော် အမတ် များမှ အမေရိကန်နှင့် ဆိုဗီယက်တပ်များ ရုတ်သိမ်းရာတွင် အမေရိကန်စစ်တပ်မှ စစ်အကြံပေး အဖွဲ့ ချန်ထားခဲ့ရန် လိုအပ်ခြင်း မရှိဟု ရေးသားထားသော စာအား ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ယာယီကော်မတီသို့ ပေးပို့ခဲ့သည့်အတွက် မျိုးဆက်သစ် လွှတ် တော်အမတ်များအား ဖမ်းဆီးခဲ့လေသည်။မေလတွင် အီမူးန်ဝေါ်န် အပါအ၀င် လွှတ်တော်အမတ် ၃ဦးအား စတင် ဖမ်းဆီးအကျဉ်း ချခဲ့ပြီး ဇူလိုင်လ ၂၀ရက်နေ့ နောက်ပိုင်းတွင်မူ လွှတ်တော်ဒု-ဥက္ကဋ္ဌ ကင်မ်ယာ့ဆု အပါအ၀င် လွှတ်တော်အမတ် ၁၅ဦးအား တရား စွဲဆိုဖမ်းဆီးခဲ့လေသည်။ ထိုအနက် နိုအီးလ်ဟွာန်နှင့် ကင်မ်ယာ့ဆု တို့သည် တောင်ကိုရီးယား အလုပ်သမားပါတီအား မိမိတို့အင် အားအဖြစ် စည်းရုံးသိမ်းသွင်းကာ အမေရိကန်တပ်များ ပြန်လည်ရုတ်သိမ်းရေး အစရှိသည့် နိုင်ငံတော်အား ဆန့်ကျင်သည့် လှုပ် ရှားမှုများ လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီး၍ ကျန်သည့် အမတ်များသည် ထိုသူတို့အား ထောက်ခံအားပေးသည်ဟု ဆို၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် ထိုပြဿနာအား တရားလွန်သည့် နိုင်ငံရေးပြဿနာအဖြစ် ယူဆကာ ထပ်မံဖမ်း ဆီး ခြင်းများ မပြုလုပ်ရန် ဖိအားပေးခဲ့လေသည်။ ထိုပြဿနာ ဖြစ်ပေါ်ပြီးနောက်ပိုင်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သော လွှတ် တော်သည် ငြိမ်သက်သွားခဲ့လေသည်။
တောင်နှင့်မြောက် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း တောင်မြောက်ပေါင်းစည်းရေး၏ သင်္ကေတအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ကင်မ်ဂုသည် ၁၉၄၉ခုနှစ် ဇွန်လ ၂၆ရက်နေ့ နေ့လည် ၁၂နာရီ ၃၆မိနစ်တွင် ကိုရီးယား လွတ်မြောက်ရေးပါတီဝင် တစ်ဦးလည်း ဖြစ် ကိုရီးယား ကြည်းတပ်၏ ဗိုလ်အဆင့်ရှိသူ အန်ဒူဟီး၏ သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခြင်း ခံခဲ့ရလေသည်။ အစွန်းရောက်ကွန်မြူနစ် ဆန့်ကျင်ရေးအား လက်ကိုင်ထားကာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော အီဆူမန် အစိုးရ၏ ဖိနှိပ်မှု များအား ခံစားနေရသော ပြည်သူလူထုကြီးသည် ကင်မ်ဂုအား မိမိတို့ဖက်မှ ရပ်တည်ကာ ကူညီစောင့်ရှောက်ထားသူအဖြစ် ခံယူသတ်မှတ်ထားကြကာ ယုံကြည်အားကိုး လေးစားခဲ့ကြလေသည်။ ထို့ကြောင့် ကင်မ်ဂု၏ ဈာပန အခမ်းအနားတွင် ပြည်သူ လူထု ၅သိန်းကျော် မှ လိုက်ပါပို့ဆောင် ဂါရ၀ ပြုခဲ့ကြပြီး ကိုရီးယားသမိုင်းတွင် ဈာပန အခမ်းအနား လိုက်ပါပို့ဆောင်သူ အများ ဆုံး ဖြစ်ခဲ့သည်။
တပ်ထိန်းချုပ်ဖြစ်သူ ဂျော်န်ဘုံင်ဒေါ့မှ အခင်းဖြစ်ပွားပြီး ၁နာရီ ၂၄မိနစ် အကြာတွင် ထိုလုပ်ကြံမှုသည် အန်ဒူဟီးမှ တစ်ကိုယ် တော် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေငြာခဲ့လေသည်။ သမ္မတဖြစ်သူ အီဆူမန်မှ ထိုလုပ်ကြံမှုသည် ပါတီတွင်းနေရာ လု ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကာ ကိုရီးယားလွတ်မြောက်ရေးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ ကင်မ်ဟာ့ဂြူးအား အကြောင်း ရှာ ဖမ်းဆီးခဲ့လေသည်။ထိုလုပ်ကြံမှုအား ကြိုးကိုင်ခဲ့သူမှာ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရှီန်ဆောင်မိုး ဖြစ်သည်ဟု ညွှန်းဆိုပြသ နေသော်လည်း အီဆူမန် အစိုးရမှ နည်းမျိုးစုံဖြင့် ဖုံးကွယ်ထားခဲ့လေသည်။ ထို့အပြင် အီဆူမန်သည် ပြည်သူလူထု၏ ထောက်ခံမှု ကို ရရှိထားသော ကင်မ်ဂုအား အစွန်းရောက်ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကြီးမားသော အ နှောင့်အယှက် ဖြစ်သူဟု သတ်မှတ် ယူဆခဲ့ပေသည်။
ကင်မ်ဂု လုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့သူများ အားလုံးသည် ဂျပန်သစ္စာတော်ခံ အလိုတော်ရိများ ဖြစ်ပေသည်။ တပ်ထိန်းချုပ်ဖြစ်သူ ဂျော်န်ဘုံင်ဒေါ့သည် ဂျပန်ရဲအရာရှိ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ကြီးတပ်စစ်ဦးစီးချုပ် ချဲဗြောင်ဒေါ့ သည် ဂျပန်စစ်တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် အထူးထောက်လှမ်းရေး အရာရှိ ကင်မ်ချန်းလြိုးသည် ဂျပန်စစ်တပ်၏ တပ်ထိန်းတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်အလိုတော်ရိ နိုင်ငံရေးပွဲစား ကင်မ်ဂျီဝူးသည် ယော်ဝူးန်ဟြောင်းနှင့် ဂျန်းဒေါ့ဆု တို့ လုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့သူဟု သံသယ ရှိခြင်းခံရသူဖြစ်သည်။
ကင်မ်ဂုသေဆုံးမှုအား အမေရိကန်မှလည်း ကြိုဆိုခဲ့လေသည်။ အမေရိကန်သည် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ဦးဆောင် ဆန့်ကျင်ခဲ့သည့် ကင်မ်ဂုအား နှစ်မြို့မှု မရှိသည့်အပြင် ကင်မ်ဂု၏ တောင်မြောက်ပေါင်းစည်းရေး လမ်းစဉ်သည် အမေရိကန်အဖို့ အနှောက်အယှက်ဖြစ်သည်ဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်။အမေရိကန်သည် ကင်မ်ဂုလုပ်ကြံမှုတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိဟု မဆိုနိုင်၍ အနည်းဆုံး လုပ်ကြံမှု အကြံကိုမူ ကြိုတင်သိရှိပြီး ဖြစ်လိမ့်မည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ယူဆထားကြ သည်။

၁၉၄၉ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ထောက်လှမ်းရေး အရာရှိများမှ "လူထုလမ်းညွှန်မှုအဖွဲ့ချုပ်"ဆိုသည့် အဖွဲ့အား ဖွဲ့စည်းခဲ့လေ သည်။ ထိုအဖွဲ့ ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်မှာ လက်ဝဲ၀ါဒီအဖြစ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ထိုလှုပ်ရှားမှုများမှ ရပ်နားခဲ့သူများမှ လက်ဝဲ၀ါဒီအား ပြန်လည်ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ကိုရီးယားကျွှန်းဆွယ် လွတ်လပ် ရေးရပြီးနောက်ပိုင်း လက်ဝဲ၀ါဒီအဖြစ် လှုပ်ရှားခဲ့သူများ အများအပြား ထိုအဖွဲ့အား ၀င်ရောက်လှုပ်ရှားခဲ့လေသည်။ နယ်မြို့များတွင်မူ အတင်းအကြပ် အဖွဲ့ဝင်ခိုင်းမှုများ ရှိခဲ့ပေသည်။ တောင်ကိုရီးယား အလုပ်သမားပါတီဝင်များ နှင့် လက်ဝဲ၀ါဒီ ဦးဆောင် လှုပ်ရှားသူများသည် ပုန်းရှောင်နေရသည့်အတွက် "လူထုလမ်းညွှန်မှုအဖွဲ့ချုပ်" တွင် ပါဝင်ခဲ့သူအများစုမှာ လက်ဝဲ၀ါဒီ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ထိုလှုပ်ရှားမှုများမှ ရပ်နားခဲ့သူများ ဖြစ်ပေသည်။ ထိုအဖွဲ့သည် နောက်ပိုင်းတွင် အဖွဲ့ဝင်ပေါင်း ၃သိန်း အထိရှိလာခဲ့ပေသည်။
၁၉၄၉ခုနှစ် အောက်တိုဘာလတွင် တောင်ကိုရီးယား အလုပ်သမားပါတီ အပါအ၀င် လက်ဝဲ၀ါဒီ စွဲကိုင်ထားသောနိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းများအား တရားမ၀င် အဖွဲ့အစည်းများအဖြစ် သတ်မှတ် ကြေငြာခဲ့လေသည်။ ထို့နောက် နိုဝင်ဘာလမှ စတင် ကာ ဖြောင့်ချက်ပေး အလင်းဝင်ကြရန် အချိန်ကာလ သတ်မှတ်ပေးခဲ့လေသည်။ ထိုကာလအတွင်းတွင် နိုင်ငံအနှံ့အပြားမှ လက်ဝဲ ၀ါဒီ ၄သောင်းကျော် ဖြောင့်ချက်ပေး အလင်းဝင်ခဲ့ကြသည်။ ဒီဇင်ဘာလ ၁ရက်နေ့မှစ၍ ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ စတင်ပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် လက်ဝဲ၀ါဒီသမားများနှင့် ပြည့်နှက်သွားခဲ့ပေသည်။
၁၉၅၀ခုနှစ် မေလ ၃၀ရက်နေ့တွင် ပြန်လည် ပြုလုပ်ခဲ့သော လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် မေလ ၁၀ရက်နေ့က ပြုလုပ်ခဲ့ သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် ဘက်မလိုက် အမျိုးသားရေးဝါဒီ သမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် အတွက် ပြည်သူအများမှ စိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် ဆိုးလ်မြို့နှင့် ဘူဆန်းမြို့များတွင် ပြည်သူအများ၏ ထောက် ခံအားပေးမှုများ ရရှိခဲ့ကြသည်။ အီဆူမန် အစိုးရမှ ထိုသူတို့အား နည်းမျိုးစုံဖြင့် ဖိအားပေး နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည့်ကြားမှပင် ဆိုးလ်မြို့တွင် ဘက်မလိုက် အမျိုးသားရေးဝါဒီ ဖြစ်သူ ဂျိုဆိုအန်မှ ရဲချုပ်ဖြစ်သူ ဂျိုဗြောင်အုတ်အား နိုင်ငံအနှံ့တွင် မဲအများဆုံးဖြင့် အနိုင်ရခဲ့လေသည်။ဘူဆန်းမြို့တွင်လည်း ဂျန်ဂေါ်န်ဆန်းမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့လေသည်။ အန်ဂျေဟုံးင် ၊ ဝေါ်န်ဆဲ ဟူးန် ၊ ဂျိုဘုံင်အမ် အစရှိသည့် မေလ ၁၀ရက် လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သူများနှင့် အီဆူမန် အစိုးရအား ပြစ်တင်ဝေဖန် ဆန့်ကျင်ခဲ့ကြသည့် ဘက်မလိုက် အမျိုးသားရေးဝါဒီသမား အများအပြား ရွေးချယ်ခြင်း ခံခဲ့ရလေသည်။ တစ်ဖက်တွင်မူ ဒီမိုကရက်တစ်ပြည်သူ့ပါတီနှင့် အီဆူမန်အား ထောက်ခံခဲ့သည့် ကိုရီးယားပြည်သူ့ပါတီ တို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ အများအပြားမှာမူ ရှုံးနိမ့်ခဲ့ကြပြီး တသီးပုဂ္ဂလ အမတ်ပေါင်း ၁၂၆ဦး ရွေးချယ်ခံခဲ့ရလေသည်။

မေ ၃၀ ရွေးကောက်ပွဲသည် အီဆူမန် အစိုးရအား ကြီးမားသည့် အကြပ်အတည်းများ ဖြစ်စေခဲ့ပြီး ဒီမိုကရေစီစနစ်အား မျှော်လင့် သူများ အတွက်မူ မျှော်လင့်ချက် ရောင်ခြည်များ ပေးအပ်ခဲ့လေသည်။ အီဆူမန် အစိုးရအား ပြစ်တင်ဝေဖန် ဆန့်ကျင်ခဲ့ကြသည့် ဘက်မလိုက် အမျိုးသားရေးဝါဒီသမား အများအပြား ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် အတွက် အီဆူမန်၏ အာဏာရှင်ဆန် မှုများ အင်အားလျော့နည်းသွားစေပြီး အစွန်းရောက် ကွန်မြူနစ် ဆန့်ကျင်သည့် နိုင်ငံရေးလမ်းကြောင်းမှ ဒီမိုကရေစီ နိုင်ငံရေး လမ်းကြောင်းသို့ ရောက်ရန် မျှော်လင့်ချက်များ ဖြစ်စေခဲ့ပေသည်။ သို့သော် မကြာမီ ဖြစ်ပေါ်လာမည့် စစ်ပွဲသည် ထိုမျှော်လင့် ချက်များအား ရိုက်ချိုး ဖျက်ဆီးခဲ့လေသည်။
ဆက်လက်ဖော်ပြပါအုံးမည်
ကိုလူချစ်(ကိုရီးယား) ၂၇။၈။၀၉
ဟစ်တိုင်မှ တစ်ဆင်ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment