" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.22.2009

ကိုရီးယားခေတ်ပြိုင်သမိုင်း အပိုင်း(၁)။ အခန်း(၄)

အခန်း(၄) လက်ဝဲလက်ယာ ပေါင်းစည်းရေးအား တွန်းအားပေးခြင်း


အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ ရပ်နားသွားခြင်းသည် နိုင်ငံရေးအခြေအနေများ ပိုမိုရှုပ်ထွေးစေရန် တွန်းအားပေးသည့်နှယ် ဖြစ်ခဲ့ပေသည်။အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်မှုကို မလိုလားသော အီဆူမန်သည် စောင့်စားနေသည့်သဖွယ် သီးသန့်အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ပထမဦးဆုံး ဖွင့်ဟခဲ့လေသည်။ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အခြေအနေ မပေးသည့်အတွက် တောင်ပိုင်းမှာပဲဖြစ်ဖြစ် ယာယီအစိုးရနှင့် အလားသဏ္ဌန်တူသည့် အစိုးရတစ်ရပ် ဖွဲ့စည်းကြမည်ဟု ၁၉၄၆ခုနှစ် ဇွန်လ ၃ရက် နေ့က ဂျော်(န်)လာ မြောက်ပိုင်းပြည်နယ် ဂျောင်အု(ဘ်)မြို့တွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့လေသည်။ထိုအဆိုအား ကိုရီးယား ဒီမိုကရက်တစ်ပါတီ မှလွဲ၍ ကျန်သည့် နိုင်ငံရေး အသိုင်းအ၀ိုင်း အားလုံးမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြလေသည်။ နှစ်ပေါင်း ၁၀၀၀ကျော် တစ်ခု တည်းသော နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး သမိုင်းတွင်လည်း နိုင်ငံခွဲကာ စင်ပြိုင်အစိုးရများ ဖွဲ့စည်းခြင်းအား အတွေ့အကြုံ မရှိဘူးသော ကိုရီးယားလူမျိုး အများအပြားသည် သီးသန့်အစိုးရ ဖွဲ့စည်းခြင်းသည် မဖြစ်နိုင်သည့် ကိစ္စဟု ယုံကြည်လက်ခံခဲ့ကြသည်။
အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့သည် လူထုကြီးအား ဦးဆောင် စည်းရုံးနိုင်သည့် လက်ယာဝါဒီများ ကွဲပြားသွားစေရန်နှင့် အင်အားယုတ်လျော့ သွားစေရန် ဆောင်ရွက်ခဲ့သည်။ ဂျပန်ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်ဝါဒီ တစ်ဦးဖြစ်သော ဂျိုဘုံးအမ် မှ ဘတ်ဟော်(န်)ယောင်းနှင့် ကွန်မြူနစ်ပါတီအား ဝေဖန်ထားသည့် ပုဂ္ဂလိက ရေးသားထားသော စာအား အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့၏ စနက်ဖြင့် ဂျိုဘုံးအမ် ၏ သဘောတူ ခွင့်ပြုချက်မပါပဲ လက်ယာဂိုဏ်း၏ သတင်းစာ၌ ၁၉၄၆ခုနှစ် မေလ ၇ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။ ၁၉၄၆ခုနှစ် မေလ ၉ရက်နေ့တွင် ယော်ဝူး(န်)ဟြောင်း၏ ညီဖြစ်သူ ယော်ဝူး(န်)ဟုံး မှ ကွန်မြူနစ်ပါတီအား ပုတ်ခတ်ဝေဖန်ကာ လူထုပါတီမှ နှုတ်ထွက်သွားလေသည်။ ထိုကာလ အတွင်းမှာပင် ကွန်မြူနစ်ပါတီမှ ငွေစက္ကူအတုထုတ်လုပ်ကာ စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ဖန်တီးသည်ဆို၍ ကိုရီးယား တရားစီရင်ရေး အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်နေသည် ဆိုသည့် သတင်းအား လက်ယာဂိုဏ်း သတင်းစာများတွင် ဦးစားပေး ဖော်ပြခဲ့ကြသည်။ လက်ယာဂိုဏ်း သတင်းစာများသည် ထိုသတင်းအား လပေါင်းများစွာ အထူးသတင်းအဖြစ် ဦးစားပေး ရေးသားထုတ်ဝေ ခဲ့ကြသည်။ ထိုအဖြစ်အပျက်များ အားလုံးသည် အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့၏ လက်ဝဲဂိုဏ်း ကွဲပြဲစေရေးနှင့် နှိမ်နင်းရေး ကိစ္စများနှင့် ဆက်စပ်နေပေသည်။


အီဆူမန်သည် အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ မိမိအား အားပေးကူညီလိမ့်မည်ဟု ယူဆကာ သီးသန့်အစိုးရ ဖွဲ့စည်းရန် အား ထုတ်ခဲ့လေသည်။ သို့သော် သူ၏ ယူဆမှုသည် မှန်ကန်မှုမရှိခဲ့ပေ။ အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့သည် လက်ဝဲဂိုဏ်းအား အင်အားဆုတ်ယုတ်သွားစေရန် ဆောင်ရွှက်မှုများ လုပ်ဆောင်နေသော်လည်း ၊ အမေရိကန် စစ်အုပ်ချုပ်ရေး အဖွဲ့နှင့် အမေရိ ကန် အစိုးရတို့သည် အီဆူမန်အား အားပေးကူညီခြင်းမပြုပဲ ကင်(မ်)ဂု ဦးဆောင်သည့် ဘက်မလိုက်ဝါဒီ နိုင်ငံရေးသမားများ အား အားပေးကူညီခဲ့လေသည်။ အမေရိကန်သည် ဆိုဗီယက်နှင့် ပူးပေါင်း၍ ကိုရီးယားပြဿနာ ဖြေရှင်းခြင်းအား အကျိုးအ မြတ် ရှိသည်ဟု ခံယူထားလေသည်။ ဆိုဗီယက်နှင့်ကွန်မြူနစ် ဆန့်ကျင်ရေးအား လွန်ကျူးစွာ ဆောင်ရွက်ခဲ့ကြသော အီဆူမန် နှင့် ကင်(မ်)ဂု တို့အား ဖယ်၍ လက်ယာနှင့်လက်ဝဲဂိုဏ်းမှ အစွန်းမရောက်သူများအား စုစည်းရန် လိုအပ်သည်ဟု ယူဆခဲ့ ပေသည်။
ဗိုလ်ချုပ်ကြီး ဂျွှန်ဟုတ် ၏ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှုအား ကင်(မ်)ဂြူးရှစ် မှ အစပိုင်းတွင် ဝေခွဲမရဖြစ်ခဲ့ပေသည်။ ယော်ဝူး(န်)ဟြောင်းမှာမူ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည်။ လက်ဝဲလက်ယာ ပေါင်းစည်းမူသည် အမေရိကန်နှင့် ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံအား ပြန်လည်အသက်သွင်းရန် တောင်းဆိုလှုံ့ဆော်မည့် အဓိကကျသည့် ရည်ရွယ်ချက်ဖြစ် သည်။ သို့သော် ယော်ဝူး(န်)ဟြောင်းနှင့် အန်ဂျေဟုံး(င်) တို့သည် လွတ်လပ်ရေးရသည့်နေ့မှ စတင်၍ လက်ဝဲလက်ယာ ပူးပေါင်းဆောင် ရွက်ရန် တိုက်တွန်းတောင်းဆိုခဲ့ခြင်းမှာ ကိုရီးယားနိုင်ငံသည် အင်အားကြီး နိုင်ငံများအကြား ကြားညှပ်နေသည့် အတွက် ကြောင့်ဖြစ်ပေသည်။ ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းပြီး အင်အားကြီး နိုင်ငံများမှ စီးပွားရေးအရ ပေးသည့် အကူအညီအား လက်ခံနိုင်သော်လည်း ၎င်းထက်ပိုသည့် အကူအညီများအား လက်ခံမည်ဆိုလျှင် အမျိုးသားအချင်ချင်း သဘောထားကွဲလွဲမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်ယူဆခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့အပြင် လက်တွေ့အရ အမေရိကန်နှင့် ဆိုဗီယက် ၂နိုင်ငံ၏ ဦးဆောင်မှု လက်အောက်တွင် ရှိသော အခြေအနေတွင် ထို ၂နိုင်ငံနှင့် လိုက်လျောညီထွေစွာ နိုင်ငံခြား ဆက်ဆံရေး ပြုလုပ်၍ လက်ဝဲလက်ယာမှ ပူးပေါင်းဆောင်ရွက်ခြင်း သည်သာလျှင် အမျိုးသား အချင်းချင်း သဘောထား ကွဲလွဲမှု အန္တရာယ်များအား ကာကွယ် ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဥရောပရှိ ဩစတီးလီးယားနှင့် ဖင်လန် တို့မှ အင်အားကြီးနိုင်ငံများအား ဆက်ဆံခဲ့ကြသည့် နည်းအား စံနမူနာယူခဲ့ ခြင်းဖြစ်ပေသည်။
အစပိုင်းတွင် လက်ဝဲလက်ယာ ပေါင်းစည်းမူသည် လျောလျောရူရူ အောင်မြင်ခဲ့သည်ဟု ထင်ရပေသည်။ လက်ဝဲလက်ယာမှ ခေါင်းဆောင်၅ဦးစီ ရွေးချယ်ခဲ့ပြီး လက်ဝဲလက်ယာ ပေါင်းစည်းမှု ကော်မတီ အားဖွဲ့စည်းကာ ကင်(မ်)ဂြူးရှစ် နှင့် ယော်ဝူး(န်) ဟြောင်း တို့အား ပူတွဲ ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခဲ့ကြသည်။ ၁၉၄၆ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် ပဏာမညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်၍ ပူးတွဲကြေငြာချက်အား ထုတ်ပြန်ခဲ့ကြပြီး ဇူလိုင်လ ၂၅ရက်နေ့တွင် ပထမအကြိမ် တရားဝင် အစည်းအဝေး ပြုလုပ် ခဲ့ ကြသည်။ သို့သော် ဇူလိုင်လ ၂၇ရက်နေ့တွင် အမျိုးသားဒီမိုကရေစီတပ်ဦး မှ ၃နိုင်ငံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အား အပြည့်အ၀ ထောက်ခံရေး၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မြေယာများအား ပြန်လည်ခွဲဝေပေးရေး၊ နိုင်ငံ တော်အာဏာအား လူထုကိုယ်စားပြုကောင်စီသို့ အမြန်ဆုံး လွှဲပြောင်းပေးရေး စသည့် အချက်များ ပါဝင်သည့် ပေါင်းစည်းမှု အခြေခံစည်းမျဉ်း ၅ချက်အား အဆိုပြု တင်သွင်းခဲ့သည့် အတွက် လက်ဝဲလက်ယာ ပေါင်းစည်းမှု ကော်မတီသည် ကြီးမားသော အန္တရာယ်တွင်းသို့ သက်ဆင်းခဲ့ရပေသည်။
အမျိုးသားဒီမိုကရေစီတပ်ဦးမှ တင်သွင်းသည့် အခြေခံစည်းမျဉ်း ၅ချက်အား အမေရိကန်နှင့် လက်ယာဂိုဏ်း ဘက်မှ လက်ခံမှု မရှိခဲ့ပေ။ ထိုအခြေခံစည်းမျဉ်း ၅ချက်သည် ကိုရီးယားကွန်မြူနစ်ပါတီမှ အမေရိကန် နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမှ အ မေရိကန် ဆန့်ကျင်ရေးသည်လည်း အကျိုးမယုတ်ဟု ယူဆကာ အမေရိကန်နှင့် ဆက်ဆံရေးပြောင်းလဲသည့် လမ်းစဉ် ထွက် ပေါ်လာပြီး နောက်ပိုင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားဖက်မှ အမေရိကန်နှင့် ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ ရပ်နားသွားပြီးနောက်ပိုင်းတွင် အမေရိကန်အား နယ်ချဲ့ဝါဒ လက်ကိုင်ထားသည့် နိုင်ငံအဖြစ် ပြစ်တင်ဝေဖန်ခဲ့သည်။ ၁၉၄၆ခုနှစ် ဇူလိုင်လတွင် နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့ အစည်းများ ပေါင်းစည်းထားသည့် မြောက်ကိုရီးယားဒီမိုကရေစီ အမျိုးသားပေါင်းစည်းရေးတပ်ဦး အားဖွဲ့စည်းခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား ကွန်မြူနစ်ပါတီနှင့် မြောက်ကိုရီးယား လူထုပါတီတို့ ပေါင်းစည်းကာ ကင်(မ်)ဒူဘုံးအား ဥက္ကဋ္ဌ အဖြစ်တင် မြှောက်၍ မြောက်ကိုရီးယား အလုပ်သမားပါတီအား ဖွဲ့စည်းခဲ့ကြသည်။
၁၉၄၆ခုနှစ် ဩဂုတ်လ အတွင်း ၀င်ရောက်လာသည့်အခါ ကွန်မြူနစ်ပါတီ ၊ လူထုပါတီ ၊ တောင်ကိုရီးယား ပြည်သူ့ပါတီ အစ ရှိသည့် တောင်ကိုရီးယား လက်ဝဲ၀ါဒီ ပါတီ ၃ပါတီ ပေါင်းစည်းရန် ကြံဆောင်ခဲ့ကြသည်။ သို့သော် ၃ပါတီပေါင်းစည်းရေးသည် လက်ဝဲလက်ယာ ပေါင်းစည်းရေးအား ဆောင်ရွက်လိုသော ယော်ဝူး(န်)ဟြောင်း ဖက်အခြမ်းနှင့် ထိုအချက်အား ဆန့်ကျင်သည့် ဘတ်ဟော်(န်)ယောင်း ဖက်အခြမ်းတို့၏ အပြန်အလှန် ငြင်းခုံ တိုက်ခိုက်ဝေဖန်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။ နောက်ဆုံးတွင် ယော်ဝူး(န်)ဟြောင်း ဦးဆောင်သည့် ပြည်သူ့အလုပ်သမားပါတီ နှင့် ဘတ်ဟော်(န်)ယောင်း ဦးဆောင်သော တောင်ကိုရီးယား အလုပ်သမားပါတီ အဖြစ် ကွဲသွားကြလေသည်။ ပြည်သူ့အလုပ်သမားပါတီသည် ဘတ်ဟော်(န်)ယောင်း ဖက် ခြမ်းနှင့် မြောက်ကိုရီးယားဖက်ခြမ်း တို့၏ ဖိအားပေး မှုများကြောင့် ဖျက်သိမ်းခဲ့ရပေသည်။ ယော်ဝူး(န်)ဟြောင်း သည် ၁၉၄၇ခု နှစ် မေလတွင် အလုပ်သမားလူထု ပါတီအား ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည့် တောင်ကိုရီး ယားအလုပ်သမားပါတီသည် ကိုရီးယားစစ်ပွဲ ပြီးဆုံးသည့် အချိန်အထိ အင်အားကြီးသည့် လက်ဝဲ နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်လှုပ်ရှားခဲ့သည်။
အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ ကွန်မြူနစ်ပါတီအား နှိမ်နင်းကာ လက်ဝဲလက်ယာ ပေါင်းစည်းရန် တွန်းအားပေး ဆောင်ရွက် လာသည့်အခါတွင် ကွန်မြူနစ်ပါတီမှ ပြင်းထန် ကြီးမားသော လူထုဆန္ဒပြမှုများနှင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ အမေရိကန်စစ်အုပ်ချုပ်ရေးအဖွဲ့မှ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဘတ်ဟော်(န်)ယောင်း အား ဖမ်းဆီးရန် ၀ရမ်းထုတ်ထား ခြင်း နှင့် ဆင်းရဲသား လူတန်းစားဖြစ်သော အလုပ်သမားထုကြီး၏ မကျေနပ်မှုများအား အကြောင်းပြုကာ နိုင်ငံလုံးဆိုင်ရာ သပိတ် မှောက်မှုကြီး ပေါ်ပေါက် လာခဲ့လေသည်။ ၁၉၄၆ခုနှစ် စားသုံးကုန် ဈေးနှုန်းသည် ၁၉၄၄ခုနှစ် နှင့် နှိုင်းယှဉ်လျှင် အဆပေါင်း ၉၂ဆ မြှင့်တက်လာခဲ့ပြီး လုပ်အားခများမှာမူ တိုးမြှင့်ခြင်းမရှိခဲ့ပေ။ ၁၉၄၅ခုနှစ်မှ အစပြုကာ ၁၉၄၆ခုနှစ် မေလ၏ လုပ်အားခ ၀င်ငွေမှာ စားသုံးကုန်ဈေးနှုန်းများ မြှင့်တက်မှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ၁၃ပုံ ၁ပုံသာ ရရှိခဲ့ကြသည်။ စားသောက်ကုန် ဖြန့်ဖြူးပေးမှုသည်လည်း အင်မတန်နည်းပါးခဲ့သည်။ ၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် ဘူဆန်း မီးရထားအလုပ် သမားများ၏ သပိတ်မှောက်မှုမှ စတင်ကာ အောက်တိုဘာလ လလယ်ပိုင်းအထိ ဆက်တိုက်ပြုလုပ်ခဲ့သော သပိတ်မှောက်မှု များတွင် နိုင်ငံအနှံ့မှ ၂သိန်း ၅သောင်းခန့် ရှိသော အလုပ်သမားထုကြီးနှင့် ကျောင်းသားများ ပါဝင် သပိတ်မှောက်ခဲ့ကြသည်။ ရဲဋ္ဌာန၏ ကူညီထောက်ပံ့မှုဖြင့် ကင်(မ်)ဒူးဟန် အစရှိသည့် လက်ယာဝါဒီ လူငယ်အဖွဲ့များမှ သပိတ်မှောက်မှုအား အကြမ်း ဖက်ဖြိုခွင်းခဲ့သည်။

စက်တင်ဘာ သပိတ်မှောက်မှုသည် အောက်တိုဘာတော်လှန်ရေး အသွင်သို့ ကူးပြောင်းသွားခဲ့ပေသည်။ အောက်တိုဘာလ ၁ရက် သပိတ်မှောက် ဆန္ဒပြမှုတွင် သပိတ်ဖြိုခွင်းရေး ရဲ၏ လက်ချက်ဖြင့် ဆန္ဒပြသူ တစ်ဦး သေဆုံးသွားခဲ့ခြင်းမှ အစပြုခဲ့သော အောက်တိုဘာတော်လှန်ရေးသည် အောက်တိုဘာလ ၂ရက်နေ့ တွင် ဒေဂူးရဲစခန်းအား ဆန္ဒပြလူထုကြီးမှ ၀ိုင်းကာ ဆန့်ကျင် ဆန္ဒပြသည့် သတင်းသည် အချိန်တိုအတွင်း ဂြောင်ဆန်းမြောက်ပိုင်းပြည်နယ် တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေသည်။ ထို့နောက်တွင် တော်လှန်ရေးကြီးသည် ဂြောင်ဆန်းတောင်ပိုင်းပြည်နယ် ၊ ဂျော်(န်)လာ (တောင်ပိုင်း၊ မြောက်ပိုင်း) ပြည်နယ်၊ ချူ(င်)ချောင်း(တောင်ပိုင်း၊မြောက်ပိုင်း)ပြည်နယ် ၊ ဂြောင်ဂီပြည်နယ် ၊ ဆိုးလ်မြို့ ၊ ဂန်ဝေါ်(န်)ပြည်နယ် ဒေသတချို့ အထိပါ ကူးစက်ပြန့်နှံ့သွားလေသည်။ ထိုနှစ် ဒီဇင်ဘာလအထိ ရဲစခန်းများအား အကြမ်းဖက်ဝင်ရောက် သိမ်းပိုက်မှုများ ဖြစ်ပွားခဲ့ လေ သည်။
အောက်တိုဘာ တော်လှန်ရေးသည် လူ့သဘာဝမှ ဖန်တီးပေးလိုက်သည့် သဖွယ် ပေါ်ပေါက်လာသော တော်လှန်ရေးကြီး ဖြစ် ပေသည်။ စားနပ်ရိက္ခာ မလုံလောက်မှု ၊ ဂျပန်သစ္စာတော်ခံရဲများ ဆက်လက်ခန့်ထားမှု ၊ အုပ်ချုပ်ရေးဋ္ဌာနဆိုင်ရာများ၏ အလွဲ သုံးစားလုပ်မှု ၊ လက်ဝေခံ ပြုစုပျိုးထောင်မှု စသည့် အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့ အပေါ် မကျေနပ်မှုများနှင့် တိုက်ရိုက် ပတ်သက်သော အကြောင်းအချက်များ ဖြစ်သော်လည်း အမျိုးသားနိုင်ငံတော်သစ် တစ်ရပ် အမြန်ဆုံး မတည်ဆောက် နိုင် ခြင်း သည် အခြေခံ ကျသော အချက်ဖြစ်ပေသည်။
စက်တင်ဘာ သပိတ်မှောက်မှုနှင့် အောက်တိုဘာ တော်လှန်ရေး ကာလအတွင်းမှာပင် ယော်ဝူး(န်)ဟြောင်း မှအပ လက်ဝဲသမားများသည် လက်ဝဲလက်ယာ ပေါင်းစည်းမှုကော်မတီမှ နှုတ်ထွက်သွားကြသဖြင့် ကော်မတီသည် ယိမ်းယိုင်မှုများဖြင့် ရင်ဆိုင်ခဲ့ရလေသည်။ စက်တင်ဘာလ နှောင်းပိုင်းတွင် ယော်ဝူး(န်)ဟြောင်း သည် မြောက်ကိုရီးယားဖက်ခြမ်းသို့ သွားရောက်ကာ ကင်(မ်)အီ(လ်)ဆောင် နှင့်အဖွဲ့အား ဖြောင်းဖျ တိုက်တွန်းခဲ့သည်။ထိုသို့ ဖြောင်းဖျတိုက်တွန်းကာ အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ ကိစ္စ ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မြေယာများအား ပြန်လည်ခွဲဝေ ပေးရေး ကိစ္စ ၊ ဂျပန်သစ္စာတော်ခံ ရဲများ ထုတ်ပြစ်ရေးကိစ္စ ၊ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့အတွင်း ဥပဒေပြုကောင်စီ၌ လက်ဝဲလက်ယာ ပေါင်းစည်းမှု ကော်မတီဝင်များ ပါဝင်နိုင်ရေး အစရှိသည့် ပေါင်းစည်းမှုကော်မတီ အခြေခံစည်းမျဉ်း ၇ချက်အား ထုတ်ပြန်ကြေငြာနိုင်ခဲ့လေသည်။ သို့သော် အမေရိကန် နှင့် ဆိုဗီယက် သဘောထားချင်း မတိုက်ဆိုင်သဖြင့် အမေရိကန်-ဆိုဗီ ယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ ကိစ္စအား နောင်လာမည့် နှစ်မှ ဖြေရှင်းရန် ပြောင်းလဲခဲ့ပေသည်။

အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ ရပ်နားနေသည့် ကာလအတွင်းမှာပင် အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ တောင်ကိုရီးယား၏ ပထမဆုံး ဥပဒေပြုဋ္ဌာနဖြစ်သော တောင်ကိုရီးယား ပြောင်းလဲမှု ဥပဒေပြုကောင်စီ အား ၁၉၄၆ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ဖွဲ့စည်းခဲ့လေသည်။ ထိုဥပဒေပြုကောင်စီဝင် အများစုမှာ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့ မှ စိတ်တိုင်းကျ ရွေးချယ်ခဲ့ပြီး လက်ဝဲလက်ယာပေါင်းစည်းမှု ကော်မတီမှ အဆိုပြုသော သူများ အများစု ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ကျန်ကောင်စီဝင်များအား ရှုပ်ထွေးသော ရွေးကောက်ပွဲပြုလုပ်၍ ရွေးချယ်ခဲ့ရာတွင် အစွန်းရောက်ဝါဒီ အများအပြား ရွေးချယ်ခံခဲ့ရလေသည်။ လက်ဝဲဂိုဏ်းမှမူ ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံခြင်း မပြုခဲ့ပေ။
ဥပဒေပြုကောင်စီတွင် အစွန်းရောက်ဝါဒီနှင့် ဘက်မလိုက်ဝါဒီ ကောင်စီဝင်များ အကြား အယူအဆကွဲပြား၍ အပြန်အလှန် ငြင်းခုံပုတ်ခတ်မှုများ ရှိခဲ့သော်လည်း ဂျပန်သစ္စာတော်ခံ ထုတ်ပြစ်ရေး ဥပဒေအား အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့လေသည်။ မပြေလည်မှုများ ရှိခဲ့သော်လည်း ဥပဒေပြုကောင်စီ၏ ပထမဦးဆုံး ဥပဒေပြု ရေးဆွဲခဲ့သည့် အတွေ့ကြုံဟု ဆိုလျှင်လည်း မှားမည်မထင်ပေ။
မြောက်ကိုရီးယားဖက်ခြမ်းတွင် ၁၉၄၆ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သော အလွှာပေါင်းစုံ လူထုကော်မတီ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသော ကော်မတီဝင်များ စုစည်း၍ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလတွင် လူထုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ထိုလူထုအစည်းအဝေးမှ ကင်(မ်)အီ(လ်)ဆောင် အား ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ကာ မြောက်ကိုရီးယားလူထုကော်မတီ အားဖွဲ့စည်းခဲ့ကြလေသည်။

၁၉၄၇ခုနှစ် မေလ ၂၁ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံသည် အစပိုင်းတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပေသည်။ အီဆူမန်နှင့် ကင်(မ်)ဂု တို့မှ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု နှင့် အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ အား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း ကိုရီးယားဒီမိုကရက်တစ် ပါတီမှ ထိုညီလာခံအား ပူးပေါင်း ဆောင်ရွက်မည်ဟု အသိပေး ထုတ်ပြန်ခဲ့လေသည်။ ၁၉၄၇ခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် နိုင်ငံရေးပါတီ အသီးသီးနှင့် လူထုအဖွဲ့အစည်းအသီးသီး မှ စုပေါင်းကာ ညီလာခံအား ပူးပေါင်းပါမည်ဆိုသည့် အသနားခံလွှာ တစ်စောင်အား တင်သွင်းခဲ့သည်။ ၁၉၄၇ခုနှစ် ဇွန်လ ၂၅ရက်နေ့တွင် ဆိုးလ်မြို့၌ အမေရိကန်နှင့် ဆိုဗီယက် နှစ်ဖက်ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ လူထုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ စုဝေးခဲ့ကြသည်။ ထို့နောက် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ဖြောင်ယမ်းမြို့ (ယခု မြောက်ကိုရီးယား မြို့တော်) တွင် ညီလာခံ ကျင်းပခဲ့လေသည်။
မျှော်လင့်ချက်များသည် ခေတ္တ ခဏသာ ဖြစ်ခဲ့ပေသည်။ အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံသည် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင် ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီ ၊ လူထုအဖွဲ့အစည်း သုတ်သင် ရှင်းလင်းရေး ပြဿနာများ ရှုပ်ထွေးလာပြီး ဖြောင်ယမ်းညီလာခံ စတင်ပြီး ရက်အနည်းငယ် အတွင်းမှာပင် ပြန်လည်ယိမ်းယိုင်ခဲ့ပေသည်။ သို့သော် ညီလာခံ ပြန်လည် ယိမ်းယိုင်စေသည့် အဓိက အကြောင်းရင်းမှာ အမေရိကန်နှင့် ဆိုဗီယက်တို့ ၏ ဆက်ဆံရေး ပိုမိုဆိုးရွားလာပြီး အမေရိကန်၏ နိုင်ငံတကာ ဆက်ဆံရေး ဗျုဟာပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ အမေရိကန်သည် ဆက်လက်ပြီး ဆိုဗီယက်နှင့် ပူးပေါင်းကာ ကိုရီးယားပြဿနာအား ဖြေရှင်းရန် လိုအပ်သည်ဟု ခံယူခြင်းမပြုခဲ့ပေ။ နောက်ဆုံးတွင် အမေရိကန်သည် ကိုရီးယားပြဿနာအား ကုလသမဂ္ဂသို့ လွှဲပြောင်းပေးခဲ့လေသည်။


ဆက်လက်ဖော်ပြပါအုံးမည်

ကိုလူချစ်(ကိုရီးယား) ၁၁။၆။၀၉

ခေတ်ပြိုင်မှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP