ကိုရီးယားခေတ်ပြိုင်သမိုင်း အပိုင်း(၁)။ အခန်း(၅)
အခန်း(၅) ဝေးသထက် ဝေးကွာသွားသော တောင်မြောက်ပေါင်းစည်းရေးလမ်း
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ရဲဋ္ဌာန၏ ကြိုးကိုင်ခိုင်းစေချက်ဖြင့် အစွန်းရောက် လူငယ်တစ်ဦးမှ ယော်ဝူး(န်)ဟြောင်းအား
လုပ်ကြံခဲ့လေသည်။ နိုင်ငံကွဲခြင်းအား တားဆီးရန်အတွက် ရှိသမျှအင်အားဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး လက်ဝဲလက်ယာ၊
တောင်မြောက် ပေါင်းစည်းရေးအား ကြိုးပမ်းခဲ့သူ မျိုးချစ်တော်လှန်ရေး သမားတစ်ဦးသည် အဆုံးတွင် မသမာသူ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
ယော်ဝူး(န်)ဟြောင်း ကျဆုံးသွားခြင်းသည် အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံမှ ယာယီအစိုးရ ဖွဲ့စည်းခြင်းသည် မဖြစ်နိုင်ကြောင်း ပြသလိုက်သည့် သာဓကတစ်ခု ဖြစ်ခဲ့ပေသည်။ အမေရိကန်သည် ၁၉၄၇ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် အမေရိကန် ၊ ဆိုဗီယက် ၊ အင်္ဂလန် ၊ တရုတ် ၄နိုင်ငံမှ အစည်းအဝေး ပြုလုပ်၍ တောင်မြောက်ခွဲခြားရေးအား နိုင်ငံတကာ အစီ အစဉ် ဖြင့် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။သို့သော် ဆိုဗီယက်မှကန့်ကွက် ငြင်းဆန်ခဲ့လေသည်။အမေရိကန် ပြည်ထဲရေးဝန်ကြီး မာရှယ်ပလန်(Marshall Plan)သည် ကိုရီးယားပြဿနာကို ကုလသမဂ္ဂ အထွေထွေအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းခြင်းအား ပယ်ချခဲ့လေသည်။ ကုလသမဂ္ဂ အထွေထွေအစည်းအဝေးတွင် ကိုရီးယား ပြဿနာအား ဆွေးနွေးညှိနှိုင်းခြင်း မပြုဟု ဆိုသည့် ကုလသမဂ္ဂ အစည်းအဝေး ဆုံးဖြတ်ချက်အား ဆိုဗီယက်မှ ကန့်ကွက်ခဲ့သည့် ကြားမှ ဆုံးဖြတ်ခဲ့လေသည်။

ထိုသို့ ဆောင်ရွက်ခဲ့သည့် အတွက် ဆိုဗီယက်မှ ပြန်လည်တုန့်ပြန်ခဲ့လေသည်။ ၁၉၄၇ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့တွင် အမေရိ ကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ၏ ဆိုဗီယက်ခေါင်းဆောင်ဖြစ်သူ စတီဂေါ့ဖ်(Terenti Fomitch Stykov) မှ ၁၉၄၈ခုနှစ် နှစ်ဆန်းပိုင်းအထိအမေရိကန်နှင့် ဆိုဗီယက်တပ်များ ပြန်လည်ရုတ်သိမ်းကြရန် တောင်းဆိုခဲ့ပြီး ဆိုဗီယက်၏ ကုလသမဂ္ဂ ကိုယ် စားလှယ်မှ ကိုရီးယားပြဿနာအား ဆွေးနွေးညှိနှိုင်းရန်အတွက် ကိုရီးယားလူမျိုးများအား ကုလသမဂ္ဂသို့ ဖိတ်ခေါ်ရန် တောင်းဆို ခဲ့လေသည်။
သို့သော် ထိုကာလအတွင်းက ကုလသမဂ္ဂသည် အမေရိကန်၏ ကြိုးဆွဲရာ ကနေရသည့်အချိန် ဖြစ်သည့်အတွက် ဆိုဗီယက်၏ တောင်းဆိုမှုအား လက်ခံနိုင်ရန် အခွင့်အလမ်းမရှိခဲ့ပေ။ ဆိုဗီယက် တက်ရောက်မှုမရှိသည့် ၁၉၄၇ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့ တွင် ကျင်းပသော ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ၏ စောင့်ကြပ်မှုဖြင့် တောင်မြောက်ပြည်လုံးကျွှတ် ရွေးကောက်ပွဲ ကျင်းပမှု မူကြမ်းအား ထောက်ခံမဲ ၄၃မဲ၊ကန့်ကွက်မဲ မရှိ ၊ ကြားနေမဲ ၆မဲ ၊ ပျက်ကွက်မဲ ၈မဲ ဖြင့် အတည်ပြုခဲ့လေသည်။
ထိုအတည်ပြု ဆုံးဖြတ်ချက်အရ နိုင်ငံ ၈နိုင်ငံမှ(အစပိုင်းတွင် ၉နိုင်ငံဟု သတ်မှတ်ခဲ့သော်လည် ယူကရိန်း နိုင်ငံမှ ပျက်ကွက်ခဲ့ သည်) ကိုယ်စားလှယ်များဖြင့် တောင်မြောက် ပြည်လုံးကျွှတ်ရွေးကောက်ပွဲအား စောင့်ကြပ်ရန် ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ယာယီကော်မတီကို ဖွဲ့စည်းခဲ့လေသည်။ ထို့နောက် ကုလသမဂ္ဂမှ ကိုရီးယားနိုင်ငံအတွင်း ၀င်ရောက်စောင့်ရှောက်ထားသော တပ်များ အတတ်နိုင်ဆုံး အမြန်ရုတ်သိမ်းကြရန် အပြင်းအထန် တိုက်တွန်း တောင်းဆိုခဲ့ပြီး တောင်မြောက် ပြည်လုံးကျွှတ် ရွေး ကောက်ပွဲ ကျင်းပရန် ဖွဲ့စည်းထားသော ဗဟိုအစိုးရ မှလည်း အတတ်နိုင်ဆုံး ရက်ပေါင်း၉၀အတွင်း ၀င်ရောက်စောင့်ရှောက်ထား သော တပ်များ အားလုံး ရုတ်သိမ်းရန်အတွက် သက်ဆိုင်ရာ နိုင်ငံ ၂နိုင်ငံမှ ဆွေးနွေးညှိနှိုင်းကြရန် တောင်းဆိုခဲ့လေသည်။
ကုလသမဂ္ဂတွင် ကိုရီးယားပြဿနာအား ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းနေချိန်တွင် ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်း အသီးသီး မှာမူ ကိုယ်လျှောက်ချင်သောလမ်းအား လျှောက်လမ်းနေကြလေသည်။ကင်(မ်)ဂု မှ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်အား ထောက် ခံကာ အီဆူမန်နှင့် ကိုရီးယားဒီမိုကရက်တစ်ပါတီ တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာခဲ့လေသည်။အီဆူမန်သည် ကုလသမဂ္ဂ ယာယီကော်မတီ ၀င်ရောက်မလာမီ ပြည်လုံးကျွှတ်ရွေးကောက်ပွဲ ကျင်းပရမည်ဟု အဆိုပြုခဲ့လေသည်။
၁၉၄၇ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် ကင်(မ်)ဂုမှ အီဆူမန်၏ လမ်းစဉ်အားလက်ခံခဲ့သည်။ ကင်(မ်)ဂု ဦးဆောင်သည့် ပြည်သူ့ ကော်မတီ(အရေးပေါ် ပြည်သူ့ကော်မတီမှ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလတွင် အမည်ပြောင်းခဲ့)အား ဗဟိုပြုကာ လက်ယာဂိုဏ်းမှ ဦးဆောင်လှုပ်ရှားမည် ဆိုသည့် အချက်အား အီဆူမန်မှ သဘောတူလက်ခံခဲ့လေသည်။ သို့သော် ၁၉၄၇ခုနှစ် ဒီဇင်ဘာလ ၂ရက် နေ့တွင် ကိုရီးယား ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျန်းဒေါ့(ဂ်)ဆု လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည့်အတွက် ကင် (မ်)ဂု နှင့် ကိုရီးယား ဒီမိုကရက်တစ်ပါတီ၊ အီဆူမန်တို့ ပေါင်းစည်းမှုသည် ပျက်ပြားသွားခဲ့ရလေသည်။ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ ထိုလုပ်ကြံမှုသည် ကင်(မ်)ဂုနှင့် ကိုရီးယားလွတ်မြောက်ရေးပါတီ တို့၏ လောင်းရိပ်မကင်းဟု စွပ်စွဲ ခဲ့ကြလေသည်။

ထိုကာလအတွင်းမှာပင် ကင်(မ်)ဂြူးရှစ် မှ တောင်နှင့်မြောက်မှ ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ရန် လိုအပ်သည်ဟု အဆို ပြုခဲ့ပြီးကိုရီးယားလွတ်မြောက်ရေး ပါတီမှလည်း ထိုနည်းတူ အဆိုပြုခဲ့လေသည်။ မဟာမိတ်နိုင်ငံများမှ ကိုရီးယားပြဿနာအား ဖြေရှင်းနိုင်မှုမရှိလျှင် ကိုရီးယားလူမျိုးများ ကိုယ်ပိုင်အင်အားဖြင့် ပြဿနာ အဖြေရှာရန် ကြိုးစားသင့်သည်ဟူသည့် ယူဆချက် ဖြစ်ပေသည်။
ယော်ဝူး(န်)ဟြောင်း လုပ်ကြံခံရပြီးနောက်ပိုင်း ဘက်မလိုက် အမျိုးသားရေးဝါဒီများသည် စည်းလုံးရန်အတွက် နည်းလမ်းရှာ ခဲ့ ကြလေသည်။ဟုံး(င်)မြောင်ဟီ ၊ ကင်(မ်)ဗြောင်လိုး ၊ အန်ဂျေဟုံး(င်) အစရှိသည့် သူများမှ ၁၉၄၇ခုနှစ် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ရက်နေ့များတွင် ပြည်သူ့လွတ်မြောက်ရေးပါတီအား ဖွဲ့စည်း ခဲ့ကြလေသည်။ ဥက္ကဋ္ဌမှာ ဟုံး(င်)မြောင်ဟီ ဖြစ်သည်။ ၁၉၄၇ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နှင့် ၂၁ရက်နေ့များတွင် ပြည်သူ့လွတ်မြောက်ရေး ပါတီအား မဏ္ဍိုင်ပြုကာ ဘက်မလိုက် နိုင်ငံ ရေးအဖွဲ့အစည်းများ ပေါင်းစည်းထားသည့် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်အား ဖွဲ့စည်းခဲ့လေသည်။ထိုအဖွဲ့ချုပ်၌ နိုင်ငံရေး ပါတီ ၁၅ပါတီ၊လူထုအဖွဲ့အစည်း ၂၅ဖွဲ့နှင့်တသီးပုဂ္ဂလများ ပါဝင်ခဲ့လေသည်။ပါဝင်ခဲ့သည့် နိုင်ငံရေးပါတီများအနက် ပြည်သူ့လွတ် မြောက်ရေးပါတီမှ လွဲ၍ ပါတီငယ်လေးများသာဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်သည် တောင်မြောက်ပေါင်းစည်း ရေး ဗဟိုအစိုးရ တစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန်အတွက်တောင်မြောက် နိုင်ငံရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အစည်း အဝေး ကျင်းပနိုင်ရေးအား ဦးတည်ဆောင်ရွက်ခဲ့သည်။
၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့တွင် ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ယာယီကော်မတီဝင်များ ၀င်ရောက်လာပြီး လှုပ်ရှားမှုများ စတင်ဆောင်ရွက်ခဲ့သည်။ကော်မတီဝင်များသည် ဇန်န၀ါရီလ ၂၆ရက်နှင့် ၂၇ရက်နေ့များတွင် အီဆူမန် ၊ ကင်(မ်)ဂု ၊ ကင်(မ်) ဂြူးရှစ် တို့နှင့် တောင်မြောက် ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပရေးပြဿနာအား တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂမှကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ကင်(မ်)ဂုသည် အမေရိကန်နှင့်ဆိုဗီယက် ၂နိုင်ငံမှ စစ်တပ်များ ရုတ်သိမ်းရေး ၊ တောင်မြောက် အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရေး ၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပရန် ပေါင်းစည်း မှုအစိုးရ တစ်ရပ်ဖွဲ့စည်းရေး ဆိုသည့် အချက်များအား အဆိုပြု ခဲ့သည့်အတွက် အီဆူမန် နှင့် ကိုရီးယားဒီမိုကရက်တစ်ပါတီ တို့သည် ရုတ်တရက် တုန်လှုပ်သွားခဲ့ပေသည်။
အဆုံးသတ်တွင် ကင်(မ်)ဂုသည် အီဆူမန်နှင့် ကိုရီးယားဒီမိုကရက်တစ် ပါတီတို့နှင့် လုံးဝ လက်တွဲဖြုတ်ကာ ကင်(မ်)ဂြူးရှစ် ဦး ဆောင်သည့် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်နှင့် အတူလက်တွဲ လျှောက်လမ်းခဲ့ပေသည်။

၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တောင်ပိုင်း၏ ကင်(မ်)ဂု ၊ကင်(မ်)ဂြူးရှစ် တို့နှင့် မြောက်ပိုင်း၏ ကင်(မ်)အီ(လ်)ဆောင် ၊ ကင်(မ်)ဒူဘုံး(င်) တို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် တိုက်တွန်း တောင်းဆိုခဲ့လေသည်။ ထို့ကြောင့် ကင်(မ်)ဂု ၊ ကင်(မ်)ဂြူးရှစ် တို့၏ အမည်ခံကာ ကင်(မ်)အီ(လ်)ဆောင် ၊ ကင်(မ်)ဒူဘုံး(င်) တို့ထံသို့ တောင်မြောက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်းသည့် အကြောင်းကြားစာ ပေးပို့ခဲ့လေသည်။
ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ်တို့မှ မြောက်ကိုရီးယားဖက်ခြမ်းမှ အကြောင်းပြန်မှုအား စောင့်ဆိုင်းနေချိန်အတွင်း ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ၂၆ရက်နေ့တွင် ကုလသမဂ္ဂ၌ အမေရိကန်မှ တင်သွင်းသော တောင်ကိုရီးယား ရွေးကောက်ပွဲ ပြုလုပ်ခြင်းဆိုင်ရာ မူကြမ်းအား အတည်ပြု ဆုံးဖြတ်ခဲ့လေသည်။၁၉၄၈ခုနှစ် မတ်လ ၁ရက်နေ့၌ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျွန်ဟုတ် (John Reed Hodge)မှ လာမည့် မေလ ၉ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ထုတ်ပြန် ပြောကြားခဲ့သည်။(နောက်ပိုင်းတွင် မေလ ၁၀ရက်နေ့ အဖြစ် ပြောင်းလဲခဲ့သည်။) ကင်(မ်)ဂု ၊ ကင်(မ်)ဂြူးရှစ် ၊ ဟုံး(င်)မြောင်ဟီ တို့မှ တိုင်းပြည်အား ခွဲခြမ်းမှု ဖြစ်စေမည့် တောင်ကိုရီးယား ဖက်ခြမ်း၌သာ ရွေးကောက်ပွဲ ပြုလုပ်ခြင်းအပေါ် ကန့်ကွက်ပြီး ရွေး ကောက်ပွဲ၌ ၀င်ရောက် ရှင်ပြိုင်ခြင်း ပြုမည်မဟုတ်ကြောင်း ၁၉၄၈ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကင်(မ်)ဂု နှင့် ကင်(မ်)ဂြူးရှစ် တို့မှ မြောက်ကိုရီးယား ခေါင်းဆောင်များအား ကမ်းလှမ်းထားသည့် ရက်ပေါင်း ၄၀ခန့် ရှိသည့် မတ်လ ၂၅ရက်နေ့တွင် မြောက်ကိုရီးယား ဖက်ခြမ်းသည် ဖြောင်ယမ်း အသံလွှင့်ဋ္ဌာန မှတဆင့် ကိုရီးယား နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းအားလုံးမှ ခေါင်းဆောင်များ စုရုံးကာ ဧပြီလ ၁၄ရက်နေ့တွင် ဖြောင်ယမ်းမြို့၌ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် တောင်းဆိုတိုက်တွန်းခြင်းဖြင့် ကမ်းလှမ်းမှုအား ပြန်လည် အကြောင်းပြန် ခဲ့လေသည်။ ထို့အပြင် ကင်(မ်)အီ(လ်) ဆောင် နှင့် ကင်(မ်)ဒူဘုံး(င်)တို့၏ အမည်ဖြင့် ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ် တို့ထံသို့ ဧပြီလ လဆန်းပိုင်း၌ ဖြောင်ယမ်းမြို့တွင် အရင်ဆုံး သီးသန့်ဆွေးနွေးရန် ကမ်းလှမ်းသည့် အကြောင်းကြားစာအားသီးသန့်ပေးပို့ခဲ့လေသည်။

မြောက်ကိုရီးယားဖက်ခြမ်းမှ ထိုသို့ တောင်ကိုရီးယား သီးသန့်ရွေးကောက်ပွဲ ကျင်းပရန် ရက်အတည်ပြု သတ်မှတ်ပြီးနောက်ပိုင်း တောင်မြောက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် တောင်းဆိုမှုသည် တောင်ကိုရီးယား သီးသန့်ရွေးကောက်ပွဲအား မအောင်မြင်စေရန်နှောက်ယှက်ကာ မြောက်ကိုရီးယား အစိုးရတစ်ရပ် တရားဝင်ဖွဲ့စည်းခြင်းအား အသိအမှတ်ပြုရန် ရည်ရွယ် ခဲ့ ခြင်း ဖြစ်ပေသည်။မြောက်ကိုရီးယားဖက်ခြမ်းသည် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ကတည်းက ကိုရီးယားပြည်သူ့တပ်အား စတင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ရက် နေ့မှ စတင်ကာ ၁၉၄၇ခုနှစ် ဒီဇင်ဘာလတွင် ရေးဆွဲခဲ့သော ယာယီ အခြေခံဥပဒေ မူ ကြမ်းအား ပြန်လည်ပြင်ဆင် စမ်းစစ်ခြင်းများ ပြုလုပ်ခြင်းစသည့် မြောက်ကိုရီးယား အစိုးရ ဖွဲ့စည်းရေးအတွက် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ်တို့မှ မြောက်ကိုရီးယား၏ တောင်းဆိုကမ်းလှမ်းမှု အပေါ် စိုးရိမ်သံသယ ဖြစ်ခဲ့ကြလေသည်။ ကင်(မ်) ဂု မှ မြောက်ကိုရီးယားဖက်ခြမ်းသို့ စေလွှတ်ထားသော သတင်းအချက်အလက် ပေးပို့သူမှ တဆင့် တောင်မြောက်ခေါင်းဆောင် များ၏ တွေ့ဆုံဆွေးနွေးပွဲအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်နှင့် တပြိုင်နက် အပြည့်အ၀ထောက်ခံ ပူးပေါင်းဆောင်ရွက် မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ကင်(မ်)ဂြူးရှစ်မှာမူ ခြေတလှမ်းဆုတ်ကာ စောင့်ကြည့်လေ့လာခဲ့လေသည်။ ကင်(မ်)ဂြူးရှစ် သည် မြောက်ကိုရီးယား၏ အသုံးချမှု မခံရပဲ ပေါင်းစည်းရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာ ဖွေခဲ့လေသည်။ ကင်(မ်)ဂြူးရှစ် ရှာဖွေခဲ့သော နည်းလမ်းများမှာ အာဏာရှင်အစိုးရ ဆန့်ကျင်ရေး ၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပရေး ၊ ပြည်တွင်းစစ် မဖြစ်ပွားရေး အစရှိသည့် အချက်၅ချက်အား မြောက်ကိုရီးယားဖက်သို့ အဆိုတင်သွင်းခဲ့လေသည်။ ကင်(မ်)ဂုသည် တွေ့ဆုံဆွေးနွေးပွဲ စတင်ကျင်းပသည့် နေ့ဖြစ်သော ၁၉၄၈ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ဆိုးလ်မြို့မှ ထွက်ခွာခဲ့ပြီး ကင်(မ်)ဂြူးရှစ်မှာမူ နောက်၂ရက်အကြာ ဧပြီလ ၂၁ရက်နေ့တွင် ဆိုးလ်မြို့မှ ထွက်ခွာ သွားခဲ့သည်။
၁၉၄၈ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ဖြောင်ယမ်းမြို့ မိုလန်ဘုံးဇာတ်ရုံ၌ တောင်နှင့်မြောက်မှ အဖွဲ့အစည်းပေါင်း ၄၇ဖွဲ့မှ ကိုယ်စား လှယ် ပေါင်း၅၄၅ဦးဖြင့် တွေ့ဆုံဆွေးနွေးပွဲအား စတင်ကျင်းပခဲ့သည်။ ဧပြီလ ၁၉ရက်နေ့ မှ ၂၃ရက်နေ့ထိ ၄ရက်တိုင်တိုင် ကျင်း ပ ခဲ့သော တွေ့ဆုံဆွေးနွေးပွဲမှ တောင်ကိုရီးယား သီးသန့်ရွေးကောက်ပွဲ ပြုလုပ်ခြင်းအား အောင်မြင်မှုမရှိစေရန် နှောက်ယှက် ဖျက်စီး၍ ပြည်ပစစ်တပ်များ အမြန်ဆုံး ရုပ်သိမ်းစေရန် ဆောင်ရွက်ပြီး နောက်ပိုင်း ကိုရီးယားလူထု၏ ကိုယ်ပိုင်လက်ဖြင့် အစိုးရ တစ်ရပ် ဖွဲ့စည်းကြမည်ဟု သဘောတူဆုံးဖြတ်ချက် ချခဲ့လေသည်။ ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ်တို့သည် မြောက်ကိုရီးယားဖက် ခြမ်း၏ အစီအစဉ်ဖြင့် တစ်ဖက်သတ် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲအား ဝေဖန်စရာ ဖြစ်ခဲ့ပေသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကင်(မ်)ဂုသည် မိတ်ဆက်စကားသာ ပြောဆိုခွင့်ရခဲ့ပြီး ကင်(မ်)ဂြူးရှစ်မှာမူ သာမန်တက်ရောက်သူ အဖြစ်သာ ပါဝင်ခွင့်ရခဲ့ လေ သည်။

ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ်တို့သည် သာမန်တွေ့ဆုံဆွေးနွေးပွဲထက် တောင်မြောက် အဓိကခေါင်းဆောင်များ သီးသန့်ဆွေးနွေး ပွဲ အား အလေးထား မျှော်လင့်ခဲ့ပေသည်။၁၉၄၈ခုနှစ် ဧပြီလ ၂၆ရက်နေ့မှ ၃၀ရက်နေ့အတွင်းတွင် ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ် တို့၏ တောင်းဆိုမှုဖြင့် ကင်(မ်)ဂု ၊ကင်(မ်)ဂြူးရှစ် ၊ကင်(မ်)အီ(လ်)ဆောင်၊ကင်(မ်)ဒူဘုံး(င်)တို့၏ ကင်(မ်)၄ဦး တွေ့ဆုံဆွေးနွေးပွဲ ၊ကင်(မ်)ဂြူးရှစ် နှင့် ကင်(မ်)အီ(လ်)ဆောင် သီးသန့်တွေ့ဆုံဆွေးနွေးပွဲ ၊ အဓိကခေါင်းဆောင် ၁၅ဦး တွေ့ဆုံဆွေးနွေးပွဲ များပြု လုပ်ခဲ့ပေသည်။ ထို့နောက် ကိုရီးယား နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းအားလုံးမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ အမည်ခံကာ ၁၉၄၈ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့လေသည်။ထိုပူးတွဲ ကြေငြာချက်တွင်
(၁)ပြည်ပစစ်တပ်များ အမြန်ဆုံး ရုတ်သိမ်းရေး
(၂) ပြည်ပစစ်တပ်များ ရုတ်သိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်ပေါ်မလာရေး
(၃) ကိုရီးယားနိုင်ငံရေး အဖွဲ့အစည်းအားလုံး အစည်းအဝေးခေါ်ယူရေး ၊ယာယီအစိုးရ ဖွဲ့စည်းရေး၊ ပြည်လုံးကျွတ်ရွေးကောက်
ပွဲမှ ဥပဒေပြု ကောင်စီ ပေါ်ပေါက်လာရေး၊ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးနှင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး
(၄) တောင်ကိုရီးယား သီးသန့်ရွေးကောက်ပွဲအား ဆန်ကျင်ရေး စသည့် အချက်၎ချက် ပါဝင်ခဲ့ပေသည်။
ထိုအနက်မှ အချက်(၂)နှင့်(၃)သည် မြောက်ကိုရီးယားဖက်မှ သဘောတူလက်ခံရန် ခက်ခဲသည့် အချက်များ ဖြစ်ပေသည်။

တောင်မြောက် တွေ့ဆုံဆွေးနွေးပွဲသည် ၁၉၄၅ခုနှစ် ဩဂုတ်လ ၁၅ရက် လွတ်လပ်ရေးရပြီးနောက်ပိုင်း တောင်နှင့်မြောက်မှ ခေါင်းဆောင်များတစ်နေရာတည်း၌ စုပေါင်း ဆွေးနွေးခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။ ထို တွေ့ဆုံဆွေးနွေးပွဲ မရှိခဲ့ပါက ကိုရီးယားလူမျိုးများသည် လွတ်လပ်ရေး ၃နှစ်တာ ကာလအတွင်း နိုင်ငံကွဲပြဲခြင်းအား တားဆီးရန် အတွက် ကြိုးပမ်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းကို ထောက်ပြရန် ခက်ခဲပေလိမ့်မည်။ ပူးတွဲကြေငြာချက်ပါ အချက်များသည် ချက်ခြင်း အကောင် အထည်ပေါ်ရန် ခက်ခဲသော်လည်း စည်းလုံးညီညွှတ်သော နိုင်ငံတော်သစ် တစ်ရပ် ပေါ်ပေါက်လာရန် နည်းလမ်းများ ဖော်ထုတ် နိုင်ရန်အတွက် အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်ခဲ့ပေသည်။
ဆက်လက်ဖော်ပြပါအုံးမည်
ကိုလူချစ်(ကိုရီးယား) ၁၁။၆။၀၉
ခေတ်ပြိုင်မှ တဆင့် ပြန်လည်ကူးယူ ဖော်ပြပါသည်။

0 comments:
Post a Comment