ကိုရီးယား လူမျိုးအတွက် ၀မ်းနည်းဖွယ်ကောင်းသည့် ဇာတ်လမ်းဆိုး( ကိုရီးယားစစ်ပွဲ) ။ အပိုင်း (၂)
အခန်း(၃)
ကိုရီးယား လူမျိုးအတွက် ၀မ်းနည်းဖွယ်ကောင်းသည့် ဇာတ်လမ်းဆိုး( ကိုရီးယားစစ်ပွဲ)
၁၉၅၀ခုနှစ် ဇွန်လ ၂၅ရက် မနက် ဝေလီဝေလင်း အချိန်တွင် မြောက်ကိုရီးယား စစ်တပ်သည် ၃၈ဒီဂရီ နယ်ခြားမျဉ်း အား ဖြတ် ကျော်ကာ တောင်ကိုရီးယားဖက်ခြမ်းသို့ မည်သည့် အသိပေးမှုမျှ မရှိပဲ တောင်ကိုရီးယားဖက်ခြမ်းသို့ ၀င်ရောက် တိုက်ခိုက်ခဲ့ လေသည်။ ထိုနေ့ နေ့လည် ၁၂နာရီခန့်တွင် ဖိုချွှန်းမြို့အား သိမ်းပိုက်ခဲ့ပြီး နောက်တစ်နေ့ နေ့လည် ၁နာရီခန့်တွင် အွီဂျော်ဘူ မြို့ အား သိမ်းပိုက်ခဲ့လေသည်။မြောက်ကိုရီးယား စစ်တပ်သည် တောင်ကိုရီးယား ဖက်ခြမ်းသို့ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ သည့် ၃ရက်မြောက်နေ့ဖြစ်သော ဇွန်လ ၂၈ရက်နေ့တွင် ဆိုးလ်မြို့အား သိမ်းပိုက်ခဲ့လေသည်။

မြောက်ကိုရီးယားသည် စစ်ပွဲပြုလုပ်ရန် ဆိုဗီယက် ၊ တရုတ်တို့နှင့် တိုင်ပင်ခဲ့လေသည်။ ရုရှားနိုင်ငံ၏ မှတ်တမ်း အထောက်အ ထား များတွင် ဆိုဗီယက်မှ မြောက်ကိုရီးယားအား တောင်ကိုရီးယား ဖက်ခြမ်းသို့ ၀င်ရောက်တိုက်ခိုက်ရန် လိုအပ်သည်ဟု အ ကြံပြုခဲ့သည့် အချိန်မှာ ၁၉၄၉ခုနှစ် သြဂုတ်လဖြစ်သည်ဟု တွေ့ရှိရပေသည်။ ဆိုဗီယက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ၁၉၄၉ခုနှစ် စက်တင်ဘာလတွင် မြောက်ကိုရီးယားမှ စတင်ဝင်ရောက် တိုက်ခိုက်ရန်မူ ဖြစ်နိုင်ခြေမရှိကြောင်း အကြံပေးခဲ့ လေ သည်။ ထို့နောက် ဆိုဗီယက် ခေါင်းဆောင် စတာလင်မှ စစ်ပွဲတွင် ပါဝင်ရန် သဘောတူခဲ့သည့် အချိန်မှာ ၁၉၅၀ခုနှစ် ဧပြီလ တွင်ဖြစ်သည်။ မေလ လလယ်ပိုင်းတွင် တရုတ်ခေါင်းဆောင် မော်စီတုန်းမှလည်း စစ်ပွဲတွင် ပါဝင်ရန် သဘောတူခဲ့ ပေသည်။ ထို့နောက် မြောက်ကိုရီးယား စစ်တပ်သည် ဆိုဗီယက်၏ ကူညီမှုဖြင့် ၁၉၅၀ခုနှစ် မေလ နှောင်းပိုင်းမှစတင်ကာ စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပေသည်။
မြောက်ကိုရီးယားသည် ခိုင်မာတောင့်တင်းသော စစ်အင်အား ရှိခဲ့ခြင်းသည် ငြင်းပယ်၍ မရခဲ့သော်လည်း စစ်ပွဲအစပိုင်းတွင် တောင်ကိုရီးယား၏ ရှုံးနိမ့်မှုသည် သမ္မတဖြစ်သူ အီဆူမန်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရှီန်ဆောင်မိုး တို့၏ တာဝန်လည်း မကင်းပေ။ ထိုသူ ၂ဦးသည် မြောက်ကိုရီးယားအား တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် ပေါင်းစည်းရန် ကြိုးစားခဲ့ကြပြီး မေ ၃၀ လွှတ် တော်အမတ် ရွေးကောက်ပွဲ ကာလအတွင်းတွင် မြောက်ကိုရီးယားမှ တောင်ကိုရီးယားဖက်ခြမ်းအား ၀င်ရောက်တိုက်ခိုက်ရန် အလားအလာရှိသည်ဟု သတိပေးမှုများ ရှိခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ မပြုလုပ်ခဲ့ပေ။ ထို့အပြင် စစ်ပွဲဖြစ်ပွား ကာနီး ကာလတွင် စစ်တပ်အရာရှိပိုင်းများအား နေရာပြောင်းရွှေ့ခြင်း နှင့် စစ်သည်အများအပြားအား ခွင့်ရက်ရှည်ပေးခြင်း စသည့် နားလည်ရန် ခက်ခဲသည့် ကိစ္စများလည်း ဖြစ်ပေါ်ခဲ့လေသည်။
အီဆူမန်သည် မြောက်ကိုရီးယားမှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည့် နေ့မှစတင်၍ တိမ်းရှောင်ထွက်ပြေးရန် ပြောဆိုခဲ့ပြီး ဇွန် လ ၂၇ရက်နေ့ နေ့လည် ၃နာရီခန့်တွင် မည်သူ့ကိုမျှအသိပေးခြင်း မရှိပဲ ဒေဂျော်န်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်။ ထို့နောက် ရန်သူအား ပြန်လည်ခုခံ တိုက်ခိုက်နေပြီး သမ္မတကိုယ်တိုင်လည်း ဆိုးလ်မြို့အား စောင့်ရှောက်နေပါသည်ဟု လိမ် လည်ကာ အသံထုတ်လွှင့် စေခဲ့လေသည်။ အစိုးရအဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ အပါအ၀င် ဋ္ဌာနဆိုင်ရာမှ ခေါင်းဆောင်များ ၊ စစ်တပ်အရာရှိများ ၊ ရဲအရာရှိများသည်လည်း ကိုယ်လွတ်ရုန်းကာ စစ်ပြေးဒုက္ခသည် ပြည်သူများနှင့်အတူ တောင်ပိုင်းဒေသ အား ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်။
သို့သော် ဇွန်လ ၂၈ရက် မနက် ၂နာရီခွဲခန့်တွင် ဟန်မြစ်ကူးတံတား ဖောက်ခွဲဖျက်စီး ခံလိုက်ရသည့်အတွက် ဆိုးလ်မြို့မှ ပြည် သူ အများမှာ စစ်ပြေးနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် စစ်မပြေးနိုင်သည့် ပြည်သူများသည် မတတ်နိုင်သည့်အဆုံး မြောက်ကိုရီး ယား စစ်တပ်အား လက်ခံပူးပေါင်း ခဲ့ကြရလေသည်။

ဒေဂျော်န်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော အီဆူမန်သည် ဇူလိုင်လ ၁ရက်နေ့ မနက်ပိုင်းတွင် ဘူဆန်းမြို့သို့ ရွှေ့ပြောင်း တိမ်းရှောင်ခဲ့ပြီး ဇူလိုင်လ ၁၄ရက်နေ့တွင် တောင်အာရှဆိုင်ရာ အမေရိကန်စစ်တပ်၏ စစ်ဦးစီးချုပ်လည်းဖြစ် ကုလသမဂ္ဂ တပ် ၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ မက်အာဒေါ အား တောင်ကိုရီးယားစစ်တပ်အား ဦးဆောင် စီမံခန့်ခွဲရန် တာဝန်ပေးအပ်ပါသည်ဟု ထုတ်ပြန်ကြေညာခဲ့လေသည်။ ၁၉၄၉ခုနှစ် ဇွန်လတွင် အမေရိကန် စစ်တပ်မှ တောင်ကိုရီးယား စစ်တပ်အား စစ်ဖက်ဆိုင်ရာ စီမံခန့်ခွဲမှုအား အပ်နှင်းခဲ့သည့် ၁နှစ်အကြာတွင် ဖြစ်သည်။ အမေရိကန်နိုင်ငံသည် စစ်ပွဲအား အလွယ်တကူ ပါဝင်လာမည် မ ဟုတ်ဟု ခန့်မှန်းခဲ့ကြအတိုင်း မဟုတ်ပဲ စစ်ပွဲအား အလွယ်တကူ အလျှင်အမြန် ပါဝင်ခဲ့လေသည်။ဇွန်လ ၂၅ရက်နေ့တွင် စစ်အင် အား အကူအညီပေးရန် ဆုံးဖြတ်ခဲ့လေသည်။ဇွန်လ ၂၆ရက်နေ့တွင် ဆိုဗီယက်ခေါင်းဆောင် တက်ရောက်ခြင်း မရှိခဲ့သည့်ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှ မြောက်ကိုရီးယား၏ လုပ်ရပ်သည် နယ်မြေကျုးကျော်ခြင်း ဖြစ်သည်ဟု သတ်မှတ် ဆုံးဖြတ်ခဲ့ကြလေသည်။ဇွန်လ ၂၇ရက်နေ့တွင် တောင်အာရှဆိုင်ရာ အမေရိကန်စစ်တပ်မှ ဆူဝေါ်န်မြို့တွင် ခံတပ်များ တည် ဆောက်ကာ နောက်တစ်နေ့မှ စတင်ပြီး ဟန်မြစ်မြောက်ဖက်ခြမ်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့လေသည်။
ထိုနေ့မှာပင် ကိုရီးယားအရှေ့ပင်လယ်သို့ စစ်သင်္ဘောများ စေလွှတ်ခဲ့လေသည်။ အမေရိကန်စစ်တပ်သည် ဇူလိုင်လ အစပိုင်း တွင် လေကြောင်းလမ်းနှင့် ဇူလိုင်လ အလယ်ပိုင်းတွင် ရေကြောင်းလမ်းတို့အား သိမ်းပိုက်နိုင်ခဲ့လေသည်။
သို့သော် ကုန်းလမ်းတွင်မူ မြောက်ကိုရီးယားတပ်များသည် အင်အားအလုံးအရင်းဖြင့် တောင်ကိုရီးယား နယ်မြေများအား ဆက် လက်သိမ်းပိုက်ခဲ့လေသည်။ ဇူလိုင်လ ၂၀ရက်နေ့တွင် ဒေဂျော်န်မြို့နှင့် ဂျော်န်ဂျူမြို့ တို့အား မြောက်ကိုရီးယား စစ်တပ်မှ သိမ်း ပိုက်ခဲ့လေသည်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ဆူးန်ချော်န်မြို့အထိ ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ သြဂုတ်လ လလယ်ပိုင်းတွင် မာဆန်းမြို့နှင့် ဖိုဟန်းင်မြို့ အနီးအထိ တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် မြောက်ကိုရီးယားစစ်တပ်သည် အင်အားဆုတ်ယုတ်စ ပြုနေသည့် အချိန်ဖြစ်သည့်အတွက် အောင်မြင်မှုမရှိခဲ့ချေ။
စစ်ဦးစစ်ချုပ်ဖြစ်သူ မက်အာဒေါသည် တရုတ်နိုင်ငံမှ ခန့်မှန်းထားသည့်အတိုင်း စက်တင်ဘာလ ၁၅ရက်နေ့တွင် အင်ချွှန်းဆိပ် ကမ်းအား သိမ်းပိုက်ခဲ့လေသည်။ မြောက်ကိုရီးယား စစ်တပ်သည် အင်အား မမျှတသည့်အတွက် ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့ပေ။ စက်တင်ဘာလ ၂၈ရက်နေ့တွင် ဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ကုလသမဂ္ဂတပ်များနှင့် တောင်ကိုရီးယား တပ် များသည် ၃၈ဒီဂရီ နယ်ခြားမျဉ်းအားကျော်ကာ မြောက်ကိုရီးယား ပိုင်နက်အထိ ၀င်ရောက်သိမ်းပိုက်ရန် ကြိုးစားခဲ့လေသည်။
ကုလသမဂ္ဂတပ်များ ၃၈ဒီဂရီ နယ်ခြားမျဉ်းအား ဖြတ်ကျော်၍ မြောက်ကိုရီးယား နယ်မြေအထိ ၀င်ရောက်လာပါက တရုတ်နိုင် ငံ ၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယူဆကာ ၃၈ဒီဂရီ နယ်ခြားမျဉ်းအား ဖြတ်ကျော်လာပါက လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း တရုတ်နိုင်ငံမှ သတိပေးခဲ့လေသည်။သို့သော် ကုလသမဂ္ဂတပ်များနှင့် တောင်ကိုရီးယားတပ်များသည် အောက် တိုဘာလ လဆန်းပိုင်းတွင် ၃၈ဒီဂရီ နယ်ခြားမျဉ်းအားကျော်ကာ မြောက်ကိုရီးယား ပိုင်နက်အထိ ၀င်ရောက်သိမ်း ပိုက်ခဲ့ကြ သည်။ မြောက်ကိုရီးယားတပ်များသည် အင်အားဆုတ်ယုတ် နည်းပါးနေသည့်အတွက် ကုလသမဂ္ဂတပ်များနှင့် တောင်ကိုရီး ယားတပ်များသည် လွယ်လင့်တကူ လျှင်မြန်စွာ ထိုးစစ်ဆင်ခဲ့ကြလေသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ဗြောင်ယမ်းမြို့ အား သိမ်းပိုက်ခဲ့ကြလေသည်။ ထို့အပြင် မြောက်ကိုရီးယားနယ်မြေနှင့် တရုတ်နိုင်ငံ၏ နယ်စပ်ဖြစ်သော အာ့ဘ်လို့မြစ် အနီးထိ သိမ်းပိုက်ခဲ့လေသည်။
ကုလသမဂ္ဂတပ်၏ စစ်ဦးစစ်ချုပ်ဖြစ်သူ မက်အာဒေါသည် တရုတ်နိုင်ငံ၏ သတိပေးမှုအား လုံးဝ ဂရုစိုက်မှု မပြုခဲ့ပေ။

အောက်တိုဘာလ နှောင်းပိုင်းတွင် အာ့ဘ်လို့မြစ် အနီးအထိ ရောက်ရှိလာသော ကုလသမဂ္ဂတပ်ဖွဲ့ဝင် အမေရိကန်တပ်များအား တရုတ်စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်များ ရှုံးနိမ့်၍ ပြန်လည်ဆုတ်ခွာ ခဲ့ရလေသည်။ မက်အာဒေါသည် စစ်ပွဲအသစ်များ ဖန်တီးနေသည်ဟု ပြောရလောက်အောင်ပင် စစ်ပွဲသည် ပြောင်းလဲသွားပေသည်။ ထို့ကြောင့် ကိုရီးယား စစ်ပွဲ သည် အရင်းရှင်ဝါဒအား လက်ကိုင်ထားသည့် နိုင်ငံနှင့် ဆိုရှယ်လစ်ဝါဒအား လက်ကိုင်ထားသည့် နိုင်ငံတို့၏ စစ်ပွဲအသွင်သို့ ကူးပြောင်းသွားခဲ့လေသည်။
တရုတ်နိုင်ငံမှ စစ်အတွင်း ၀င်ရောက်လာသည့်အခါ အမေရိကန်စစ်တပ်သည် ကြီးမားသည့် စစ်ရှုံးမှုများဖြင့် ရင်ဆိုင်ခဲ့ရ လေ သည်။ ၁၉၅၁ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် ဆိုးလ်မြို့မှ ပြန်လည် ဆုတ်ခွာပေးလိုက်ရပြီး တရုတ်စစ်တပ်များ ၀င်ရောက် လာခဲ့ပေသည်။ ထိုကာလအတွင်းတွင် စစ်ဦးစီချုပ် မက်အာဒေါ၏ ပြင်းထန်စွာ တောင်းဆိုမှုဖြင့် အမေရိကန်နိုင်ငံမှ အဏုမြူဗုံး အပါအ၀င် ဓါတုဗေဒလက်နက်များ အသုံးပြုရန်အတွက် ကြံဆခဲ့ကြလေသည်။ သို့သော် တတိယ ကမ္ဘာစစ်ဖြစ်ပေါ်လာရန် အခြေအနေများ ပေါ်ပေါက်လာနိုင်သည့်အတွက် အင်္ဂလန်အပါအ၀င် တခြားနိုင်ငံ အများအပြားမှ ဆန့်ကျင်ဖိအားပေးခဲ့ သည့် အတွက် အမေရိကန်သည် ထိုအကြံအား ဖျက်သိမ်းခဲ့ရလေသည်။ ထိုစစ်ပွဲအား ဦးဆောင်ခဲ့သည့် မက်အာဒေါအား တာဝန်မှ အနားယူစေပြီး ဗိုလ်ချုပ်ကြီး လီဂျီဝေးအား ထိုနေရာတွင် အစားထိုးခဲ့လေသည်။
ဗိုလ်ချုပ်ကြီး လီဂျီဝေး ဦးဆောင်သည့် ကုလသမဂ္ဂတပ်များ၏ ပြန်လည်ထိုးစစ်ဆင်မှု့ဖြင့် တောင်ကိုရီးယား နယ်မြေအတွင်းထိ သိမ်းပိုက်ခဲ့သော တရုတ်တပ်များသည် တဖြည်းဖြည်းခြင်း ပြန်လည်ဆုတ်ခွာခဲ့ရလေသည်။ ဗြောင်းထေ့မြို့နှင့် ဂျယ်ချော်န် မြို့ များမှ စတင်ကာ ပြန်လည်ဆုတ်ခွာခဲ့ရလေသည်။ ကုလသမဂ္ဂတပ်များသည် ပိုမိုပြင်းထန်သည့် ထိုးစစ်များဖြင့် ဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ခဲ့လေသည်။ ၁၉၅၁ခုနှစ် မတ်လ လကုန်ပိုင်းတွင် မူန်ဆန်းမြို့အထိ ပြန်လည်သိမ်းပိုက်ခဲ့လေသည်။ ထိုနောက်ပိုင်း ယခုလက်ရှိအချိန်ထိ သတ်မှတ်ထားသော စစ်မဲ့ဇုံပတ်ဝန်းကျင်တွင် တိုက်ပွဲငယ်လေးများ ဆက်လက်ဖြစ် ပွားခဲ့ လေသည်။အမေရိကန်နိုင်ငံမှ စစ်ပွဲရပ်နားခြင်းသည် လုပ်သင့်လုပ်ထိုက်ပြီး အကောင်းဆုံး ဖြစ်သည်ဟု သုံးသပ်ခဲ့လေသည်။
ဇွန်လ ၂၃ရက်နေ့တွင် ဆိုဗီယက်ခေါင်းဆောင် Yakov Aleksandrovich Malik မှ ကုလသမဂ္ဂတွင် စစ်ပြေငြိမ်းရေုးပြုလုပ်ရန် တောင်းဆိုခဲ့လေသည်။ ထို့ကြောင့် ဇူလိုင်လမှ စတင်ကာ စစ်ပြေငြိမ်းရေး အတွက် ဆွေးနွေးမှုများ စတင်ခဲ့ပြုလုပ်ခဲ့လေသည်။
ပထမဆုံးအကြိမ် ဆွေးနွေးခဲ့သည့် စစ်ပြေငြိမ်းရေး ဆွေးနွေးမှုတွင် စစ်မဲ့ဇုံသတ်မှတ်ခြင်း ဆွေးနွေးမှုတွင်ပင် အချိန်ကာလ ၄လ ကြာမြှင့်ခဲ့လေသည်။ ထိုအချက် ညှိနှိုင်းအဆင်ပြေသွားသည့် နောက်ပိုင်း စစ်သုံ့ပန်း ပြဿနာ ညှိနှိုင်းမှုသည်လည်း ၁နှစ်ခွဲခန့် ကြာမြှင့်ခဲ့လေသည်။ တရုတ်နှင့် မြောက်ကိုရီးယားဖက်အခြမ်းမှ ဂျာနီဗာ အစည်းအဝေး ဆုံဖြတ်ချက်အရ စစ်သုံ့ပန်းများအား အပြန်အလှန် လဲလှယ်ရန် တောင်းဆိုခဲ့ပေသည်။သို့သော် အမေရိကန်ဖက်မှ လူသားချင်းစာနာမှုဖြင့် စစ်သုံ့ပန်းများ၏ သဘော ဆန္ဒအတိုင်း ဖြေရှင်းကြရန် တောင်းဆိုခဲ့ပေသည်။ ထိုသို့ ညှိနှိုင်း နေသည့် ကာလအတွင်း အီဆူမန်မှ ကွန်မြူနစ်အား ဆန့်ကျင် သည့် စစ်သုံ့ပန်းများအား လွှတ်ပေးခဲ့သည့်အတွက် စစ်ပြေငြိမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့လေသည်။ သို့သော် နောက်ဆုံးတွင် ၂ဖက်စလုံး၏ သဘောတူညီမှုဖြင့် ၁၉၅၃ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ် ဆိုနိုင်ခဲ့ကြလေသည်။
စစ်ပြေငြိမ်းရေးစာချုပ်တွင် အမေရိကန်စစ်တပ်ခေါင်းဆောင် ၊ တရုတ်စစ်တပ်ခေါင်းဆောင် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် တို့မှ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း တောင်ကိုရီးယား ခေါင်းဆောင်မှာမူ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။စစ်ပြေငြိမ်း ရေး စာချုပ်သည် အပစ်အခတ် ရပ်စဲရေးအတွက်သာ သဘောတူညီမှု ရယူခဲ့ကြသည့်အတွက် အမှန်တကယ် ငြိမ်းချမ်းရေးရရှိရန် တခြားနည်းလမ်းများဖြင့် ကြိုးစားရန် လိုအပ်ခဲ့ပေသည်။ ထို့ကြောင့် စစ်ပြေငြိမ်းရေးစာချုပ်တွင် စစ်ပွဲ၌ပါဝင်ခဲ့သည့် နိုင်ငံခြား စစ်တပ်များ ပြန်လည်ရုပ်သိမ်းရေးနှင့် ကိုရီးယားပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ဆိုပြီး ၃လအတွင်း၌ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ရန် ဆိုသည့်အချက်အား ထည့်သွင်းခဲ့ကြလေသည်။ နိုင်ငံရေးဆွေးနွေးမှုအား ကာလကြာမြှင့်စွာ အချိန်ဆွဲခဲ့ပြီးနောက် ၁၉၅၄ခုနှစ်တွင် ဂျာနီဗာမြို့၌ စစ်ပွဲတွင် ကုလသမဂ္ဂတပ်အဖြစ် ပါဝင်ခဲ့သည့် နိုင်ငံ၁၅ နိုင်ငံနှင့် တောင်ကိုရီးယား ၊ မြောက်ကိုရီးယား ၊ တရုတ် နှင့် ဆိုဗီယက်စသည့် နိုင်ငံပေါင်း ၁၉နိုင်ငံမှ ခေါင်းဆောင်များ တက် ရောက်ကာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့လေသည်။ ထိုဆွေးနွေးပွဲအား စစ်ပွဲတွင်ပါဝင်ခဲ့သည့် တောင်အာဖရိကနိုင်ငံမှမှု တက် ရောက်ခြင်းမရှိခဲ့ပေ။သို့သော် ထိုဆွေးနွေးပွဲသည် သဘောတူ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိပဲ ၁၉၅၄ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ရုပ်သိမ်းခဲ့ရလေသည်။

စစ်ပွဲသည် လူအများအပြားအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်စေခဲ့ပေသည်။ စစ်ပွဲအစပိုင်းတွင် အကျဉ်း ထောင် များမှ အကျဉ်းသားများနှင့် လူထုလမ်းညွှန်မှုအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှုသည် အရေ အတွက် များပြားပေသည်။ ရဲနှင့် စစ်တပ်၏ လက်ချက်ဖြင့် အများဆုံး သတ်ဖြတ်ခံခဲ့ရသည့် လူထုလမ်းညွှန်မှုအဖွဲ့ချုပ်ဝင်များ သတ်ဖြတ်ခံရမှုသည် ၁၉၅၀ခုနှစ် ဇူလိုင်လ အစပိုင်းတွင် ဗြောင်းထေ့မြို့ အနီးဝန်ကျင်မှ စတင်ကာ မြောက်ကိုရီးယား စစ် တပ်များ ၀င်ရောက်နိုင်ခြင်းမရှိခဲ့သည့် ဂြောင်ဆန်းပြည်နယ် တောင်ပိုင်းနှင့် ဂျေဂျူပြည်နယ်အထိ ပျံ့နှံ့သွားခဲ့လေသည်။ လူအများအပြား အစုလိုက် သတ်ဖြတ်ခံရမှုတွင် အနည်းဆုံး လူဦးရေ ၅သောင်းမှ အများဆုံး ၁သိန်းအကြားတွင် ရှိသည်ဟု သမိုင်းသုတေသီများမှ ခန့်မှန်းကြလေသည်။ ထိုသတ်ဖြတ်မှု အများဆုံးသည် အစိုးရ ထိပ်သီးအရာရှိများ၏ ခိုင်းစေမှုဖြစ်ပြီး လက်ဝဲ၀ါဒီသမားများ၏ လက်ချက်ဖြင့် အစုလိုက်အပြူံလိုက် သတ်ဖြတ်ခံရမှုများလည်း ရှိခဲ့ပေသည်။
တရုတ်စစ်တပ်မှ တောင်ကိုရီးယားနယ်မြေ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် အချိန်ကလည်း သေကြေပျက်စီးမှု အများအပြား ရှိခဲ့ လေသည်။ တရုတ်စစ်တပ်များ ဒရစပ် ၀င်ရောက်လာသည့်အခါတွင် အီဆူမန်အစိုးရမှ လူငယ်ပိုင်းနှင့် လူလတ်ပိုင်း အမျိုးသား များအား ပြည်သူ့စစ် အသွင်ဖြင့် စုစည်းကာ တောင်ပိုင်းဒေသများသို့ ရွှေ့ပြောင်းစေခဲ့လေသည်။ သို့သော် စားနပ်ရိက္ခာများ အပါအ၀င် လိုအပ်သည့် ထောက်ပံ့မှု မပေးနိုင်သည့်ကြားမှ အတင်းအကြပ် ရွှေ့ပြောင်းခိုင်းစေသည့်အတွက် ပြည်သူ့စစ်အများ အပြားသည် ရာသီဥတုဒဏ် ခံနိုင်မှု မရှိခြင်းနှင့် စားနပ်ရိက္ခာလုံလောက်မှု မရှိခြင်းကြောင့် အများအပြား အသက်ဆုံးရှုံး ခဲ့ကြ လေသည်။
၁၉၅၁ခုနှစ် ဖေဖော်ဝါရီလတွင်မှု ပျောက်ကြားတိုက်ခိုက်နေသော ပျောက်ကြားစစ်သားများအား နိမ်နှင်းရန် တာဝန်ယူထား သော အမှတ်(၁၁)တပ်ရင်း၏ လက်ချက်ဖြင့် ဂျော်န်လာ့ပြည်နယ်တောင်ပိုင်းရှိ ဟမ်ဗြောင်းမြို့ ၊ဂျော်န်လာ့ပြည်နယ် မြောက်ပိုင်း ရှိ ဂိုချန်းင်မြို့ ၊ဂြောင်ဆန်းပြည်နယ်တောင်ပိုင်းရှိ ဂေါ်ချန်းင်မြို့နှင့် ဆန်းချော်င် အနီးဝန်းကျင်ရှိ ပြည်သူအများအပြား အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရလေသည်။ အပြစ်မဲ့ပြည်သူများအား ကွန်မြူနစ်ထောက်ခံသူများအဖြစ် ရက်စက်စွာ သတ်ဖြတ်ရာတွင် အသက်၁၀နှစ်တောင် မပြည့်သေးသည့် ကလေးငယ် ၃၁၃ယောက် အပါအ၀င် လူဦးရေစုစုပေါင်း ၇၁၉ဦး မတရားအသတ်ခံခဲ့ ရသည့် ဂေါ်ချန်းင်လူသတ်ပွဲ ကိစ္စသည် နောက်ပိုင်းတွင် လွှတ်တော်မှ စုံစမ်းစစ်ဆေးခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးပြဿ နာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေသည်။ ထိုသို့ လူအများအပြား အသတ်ခံရမှုမှ ဖြစ်ပေါ်လာခဲ့သော နောက်ဆက်တွဲ ပြဿနာ များ သည် စစ်ပွဲပြီးဆုံးသည့် အချိန်အထိ ဖြစ်ပေါ်ခဲ့လေသည်။ အစိုးရစစ်တပ်၏ လက်ချက်ဖြင့် မတရား သတ်ဖြတ်ခံခဲ့ရသူများ ၏ မိသားစုဝင်များသည်လည်း အမြဲတမ်း စောင့်ကြည့်စစ်ဆေးခံခဲ့ကြရသည့်အပြင် စားဝတ်နေရေးအတွက်ပါ ဒုက္ခများခဲ့ကြ လေသည်။

အလုပ်အကိုင်အတွက် အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းများတွင်သာမကပဲ သာမန်ပုဂ္ဂလိက လုပ်ငန်းများတွင်ပင် ၀င်ရောက် လုပ်ကိုင်ရန် အခက်အခဲများရှိခဲ့ကြပေသည်။ ထိုသူများသည် ၁၉၈၀ပြည့်နှစ်များအထိ ထိုအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရ လေသည်။
စစ်ပွဲသည် လူအများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ အပြင် တောင်နှင့်မြောက်၏ လူမျိုးရေးစိတ်ဓါတ် ကိုပါ အကြီး အကျယ် ပြောင်းလဲသွားစေခဲ့ပေသည်။ထို့အပြင် စစ်ပွဲအား ရှောင်တိမ်းခဲ့ရသော လူထု၏ ဒုက္ခသည်လည်း ကြီးမားလှပေသည်။ တရုတ်စစ်တပ်မှ တိုက်ခိုက်ဝင်ရောက်လာသည့် အချိန်က ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားမှ ပြည်သူများအား တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်စေခဲ့ပြီး အီဆူမန် အစိုးရမှလည်း အလယ်ပိုင်း ဒေသရှိ ပြည်သူအများအပြားအား ထွက် ပြေး တိမ်းရှောင် စေခဲ့လေသည်။ ထို့ကြောင့် စစ်ပြေး ဒုက္ခသည်များအကြား မိသားစုကွဲကွာမှုများ အများအပြား ဖြစ်ပေါ်ခဲ့ ပေ သည်။ ထိုအနက်မှ တောင်ကိုရီးယား ဖက်ခြမ်းတွင် မိဘမဲ့ ကလေးငယ် အများအပြား ကျန်ရစ်ခဲ့လေသည်။

ကိုရီးယားစစ်ပွဲသည် စစ်တိုက်ခြင်းဖြင့် ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ခြင်းသည် လုံးဝမဖြစ်နိုင်ကြောင်း မီးမောင်း ထိုးပြ လိုက်ခြင်းဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါဦးမည်
ကိုလူချစ်(ကိုရီးယား)
ဟစ်တိုင်မှ တစ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment